
ဂါနာနိုင်ငံ မြို့တော် အက်ကရာမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ သြဂုတ် ၂၉ ရက်က လမ်းပေါ်ထွက် ချီတက်ခဲ့ကြပြီး အာဖရိကကြွေးမြီတွေကို ဖျက်သိမ်းပေးဖို့နဲ့ ကုန်သွယ်ရေး တရားမျှတမှုကို တောင်းဆိုခဲ့ကြတာကြောင့် အာဖရိကတိုက်တလွှားက ပါဝင်သူတွေကို ဆွဲဆောင် ခဲ့ပါတယ်။
အာဖရိကရဲ့ ပြင်ပကြွေးမြီတွေတိုးမြင့်လာမှုအပေါ် စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေချိန်မှာ အဲဒီ ဆန္ဒပြပွဲပေါ်ပေါက်လာတာဖြစ်ပြီး လွန်ခဲ့တဲ့သီတင်းပတ်က UNDP ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်း တွေအရ ၂၀၂၀ ခုနှစ်နောက်ပိုင်း ၂ ဆကျော် တိုးလာခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၁ ထရီလီယံကို ကျော်လွန်သွားပါပြီ။
ဆာဟာရသဲကန္တာရ တောင်ဘက်က အာဖရိကနိုင်ငံအများအပြားဟာ အခုအခါ ပြန်ဆပ်ရမယ့် ကြွေးမြီပြဿနာတွေ မြင့်မားနေပြီး ၂၀၂၄ နှစ်ကုန်ရင် ဒေသရဲ့ ပျမ်းမျှကြွေးမြီနဲ့ GDP အချိုးဟာ ၆၀ ရာခိုင်နှုန်းနီးနီးရှိလာပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ၃၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ကနေ တက်လာခဲ့တာပါ။
ဆန္ဒပြပွဲအတွက် အိမ်ရှင်နိုင်ငံဖြစ်တဲ့ ဂါနာနိုင်ငံဟာ သူ့ကိုယ်ပိုင် ကြွေးမြီစိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ မကြာသေးမီက တိုးတက်မှုတွေ ရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းက သူ့နိုင်ငံဟာ ကြွေးမြီ ၅ ဒသမ ၄ ဘီလီယံဒေါ်လာကို ပြန်လည် ဖွဲ့စည်းဖို့ သဘောတူညီချက်မူကြမ်းကို ရရှိခဲ့ပြီး ဂါနာပါလီမန်ဟာ ၂၀၂၅ ခုနှစ် ဇွန်လမှာ ကြွေးမြီ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ အာဖရိကစီးပွားရေးကို ကမောက်ကမဖြစ်စေတဲ့ စနစ်တကျပြဿနာတွေကို ဖြေရှင်းဖို့ နိုင်ငံတခုချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုတွေက မလုံလောက်ဘူး လို့ ငြင်းခုံကြပါတယ်။
သူတို့ဟာ မတ်လတုန်းက ကိပ်တောင်း ထိပ်သီးအစည်းအဝေးမှာ အာဖရိက နိုင်ငံခေါင်းဆောင်ဟောင်းတွေပြုလုပ်ထားတဲ့ တောင်းဆိုချက်တွေကို ဆန္ဒပြပွဲမှာ ထပ်မံ ထည့်သွင်းခဲ့တာပါ။
အကြွေးအလွန်များပြားတဲ့ နိုင်ငံတွေအတွက် စုစုပေါင်း ကြွေးမြီလျှော့ချခြင်းနဲ့ အားလုံးအတွက် ချေးငွေစရိတ်ကိုနည်းအောင် လျှော့ချဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့လတွေအတွင်း ဇမ်ဘီးယား၊ တောင်အာဖရိက၊ မာလာဝီ တို့လို အာဖရိကနိုင်ငံတွေက သံတမန်တွေဟာ အကြွေးစီမံချက်ကို ပြန်ပြင်ဆင်နေစဉ်အတွင်း ပုဂ္ဂလိကကြွေးမြီရှင်တွေက မြီစားနိုင်ငံတွေကို တရားစွဲဆိုခြင်းကနေ တားဆီးနိုင်မယ့်ဥပဒေပြုဖို့ ဗြိတိန်အစိုးရကို စည်းရုံးခဲ့ပါတယ်။
ဂါနာနိုင်ငံရဲ့ ဆန္ဒပြပွဲစီစဉ်သူတွေဟာ ကြွေးမြီသက်သာခွင့် လိုအပ်ချက်တွေနဲ့ အနာဂတ် အကျပ်အတည်းတွေကို ကာကွယ်ဖို့ ရေရှည်ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ကိုင်တွယ်ဖြေရှင်းလို့ရမယ့် ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်ရအောင် ဦးတည်လုပ်ဆောင်ဖို့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေ၊ မြီရှင်နိုင်ငံတွေနဲ့ အာဖရိကအစိုးရတွေအပေါ် ဆက်လက်ဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Source:Reuters










