DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များကို အလုပ် လုပ်ခွင့်ပြုသည့်အတွက် NUG က ကျေးဇူးတင်လွှာ ပေးပို့
DVB
·
August 30, 2025
မြန်မာဒုက္ခသည်များကို အလုပ် လုပ်ခွင့်ပြုသည့်အတွက် NUG က ကျေးဇူးတင်လွှာ ပေးပို့
Donate to DVB

ထိုင်း -မြန်မာနယ်စပ်က ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းမှာ တရားဝင်အလုပ်လုပ်ခွင့်ပေးဖို့ ခွင့်ပြုလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ထိုင်းဘုရင်နဲ့ ထိုင်းအစိုးရကို ကျေးဇူးတင်ကြောင်း သဝဏ်လွှာ ဩဂုတ် ၂၇ ရက်က ပေးပို့ခဲ့ပါတယ်။

လက်ရှိမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးလှူဒါန်းတာတွေ ဖြတ်တောက်ခံရတာ၊ အလှူရှင် နည်းပါးတာတွေကြောင့် နယ်စပ်ဒုက္ခသည်စခန်းနေပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

မြန်မာစစ်ဘေးဒုက္ခသည်တွေကို ထိုင်းအစိုးရက တရားဝင်အလုပ်လုပ်ခွင့်ပေးမယ့်အပေါ်  စစ်ရှောင်စခန်းတာဝန်ရှိသူတွေက ဝမ်းသာကြိုဆိုပြီး၊ စစ်ဘေးဒုက္ခသည်တွေ လက်ရှိကြုံနေရတဲ့ စားဝတ်နေရေး အခက်အခဲတွေလည်း အဆင်ပြေလာနိုင်တယ်လို့ ပြောပါတယ်။

အခုလိုမျိုး ထိုင်းအစိုးရဘက်ကကူညီပေးတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ကြောင်း၊ မြန်မာစစ်ဘေးရှောင်တွေ၊ ရွှေ့ပြောင်းအလုပ်သမားအရေးတို့နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ NUG အစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ လက်တွဲ လုပ်ဆောင်ဖို့ အသင့်ရှိကြောင်း ဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR ကလည်း ထိုင်းအစိုးရရဲ့ မူဝါဒ အပြောင်းအလဲဟာ စစ်ဘေးရှောင်ဒုက္ခသည်တွေသာမက ထိုင်းနိုင်ငံအတွက်ပါ အကျိုးရှိစေတာကြောင့် ကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် တာ့ခ်ခရိုင်၊ မယ်ဟောင်ဆောင်ခရိုင်၊ ကန်ကျနပူရီနဲ့ ရာ့ချ်ပူရီ ခရိုင် ၄ ခုမှာ UN အသိအမှတ်ပြု ဒုက္ခသည်စခန်း ၉ ခုရှိပြီး အဲဒီမှာ စစ်ဘေးဒုက္ခသည်တွေ စုစုပေါင်း ၇ သောင်းကျော်လောက် ခိုလှုံနေထိုင်နေကြရပါတယ်။

အဲဒီထဲကမှ အလုပ်လုပ်ကိုင်နိုင်တဲ့ လူဦးရေ ၄၂,၀၀၀ ကျော်ကို အလုပ်လုပ်ခွင့် ပေးသွားမယ်လို့ ထိုင်းအစိုးရက ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013