
အောက်တိုဘာ ၇ ရက်က ဟားမတ်စ် တိုက်ခိုက်မှုတွေကြောင့် ခင်ပွန်းနဲ့ သားကြီးတို့ကို ဆုံးရှုံးခဲ့ရတဲ့ အစ္စရေးအမျိုးသမီး ဆာဘီးန်တာဆာဟာ အစ္စရေး ၀န်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုနဲ့အတူ သူတို့မိသားစု တိုက်ခိုက်ခံရမှု ဗီဒီယိုကို ဩဂုတ် ၂၉ ရက်မှာ ပြသခဲ့ပါတယ်။
ဆာဘီးန်က “မနက် ၆ နာရီ ၂၉ မိနစ်မှာ ကျမရဲ့ ခင်ပွန်း ဂီလ်တာဆာနဲ့ ကျမရဲ့ သားကြီး အော်ရ်တာဆာတို့ကို နက်တစ်ဗ် ဟာဆရားကျေးရွာနဲ့ မနီးမဝေးမှာ ဆုံးရှုံးခဲ့ရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
လုံခြုံရေးမှတ်တမ်းတင် စီစီတီဗီထဲမှာ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းရှိ နက်တစ်ဗ် ဟာဆရားကျေးရွာရှိ နေအိမ်မှာ ဂီလ်တာဆာနဲ့ သူ့ကလေး ၂ ယောက်ဖြစ်တဲ့ ကိုရန်နဲ့ ရှေးတို့ဟာ အခန်းတခုမှ ပြေးထွက်လာပြီး ဗုံးခိုကျင်းနေရာတခုထဲကို အပြေးအလွှားရောက်ရှိသွားတာကို ပြသခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ ဟားမတ်စ် တိုက်ခိုက်ရေးသမားတယောက်က ဗုံးခိုကျင်းနေရာထဲကို လက်ပစ်ဗုံးတလုံး ပစ်ချပြီးနောက် ပေါက်ကွဲသွားကာ မီးတောက်နဲ့ မီးခိုးတွေ ထွက်လာပါတယ်။
လက်နက်ကိုင်တိုက်ခိုက်ရေးသမားတွေဟာ ဗုံးခိုကျင်းနား ရောက်လာပြီးတော့ ဂီလ်တာဆာရဲ့ အလောင်းကိုလည်း မြေပြင်ပေါ်မှာ တွေ့ရပါတယ်။
အဲဒီဗီဒီယိုဖိုင်ထဲမှာ သူတို့ညီအစ်ကိုတွေ ကြောက်လန့်တကြား စကားပြောဆိုနေမှုကိုလည်း ရိုက်ကူးမိခဲ့ပြီး သားငယ် ရှေးက သူ့အစ်ကို ကို သူ့မျက်စိတဖက်က မမြင်ရတော့ဘူးလို့ ပြောပြနေပါတယ်။ ငါ မျက်စိတဖက်တည်းနဲ့ပဲ မြင်ရတော့တယ်လို့ ပြောနေတာပါ။
ဒီဗီဒီယိုဖိုင်ထဲမှာ မတွေ့ရတဲ့ သားအကြီးဆုံး အော်ရ်တာဆာဟာ အဲဒီမနက်အစောပိုင်းက ငါးမျှားသွားရင်း ဇီကင်းကမ်းခြေမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။
ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ အိမ်ကနေ ထွက်ခွာသွားပြီးနောက်မှာ ကိုရန်နဲ့ ရှေးတို့ ညီအစ်ကို ၂ ယောက်ဟာ ဘေးအိမ်ကို ပြေးကာ သူတို့ ဘေးကင်းလုံခြုံတဲ့နေရာဆီ လာကယ်ထုတ်ပေးတဲ့အထိ ပုန်းအောင်းနေခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Source:Reuters











