
AIDS ဝေဒနာရှင်တွေကို လက်ခံကုသပြုစုပေးနေတဲ့ ထိုင်းအလယ်ပိုင်း လုပ်ပူရီခရိုင် “ဝပ်ပါနမ့်ဖု” ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဖရအလုန်းကွတ်နဲ့ သူ့ရဲ့လူယုံ ကပ္ပိယ မော်ဘီ တို့ဟာ ကျောင်းတိုက်အလှူငွေ၊ လူနာအလှူငွေတွေ အလွဲသုံးစားပြုမှု၊ အလောင်းတွေကို မသင်္ဂြိုဟ်ဘဲ နှစ်ရှည်လများသိမ်းထားမှု၊ အထောက်အထားတုပမှုတွေနဲ့ ဖမ်းဆီးခံထားရပါတယ်။
အဆိုပါကျောင်းတိုက်မှာ HIV ကူးစက်ခံနေရသူတွေကို နှစ်ပေါင်း ၃၀ ကျော် ကုသပြုစုပေးလာခဲ့ပြီး ကျောင်းတိုက်နဲ့ ချိတ်ဆက်ထားတဲ့ ဖောင်ဒေးရှင်းပေါင်း ၆ ခုရှိပါတယ်။
ကျောင်းတိုက်ဟာ ဖောင်ဒေးရှင်း ၆ ခုက လက်ခံရတဲ့ငွေ၊ ဆရာတော်က လှည့်လည်အလှူခံငွေ၊ ကျောင်းတိုက်ကို လာလှူကြတဲ့ အလှူငွေ၊ ကျောင်းတိုက်က ခေါင်းစဉ်အမျိုးမျိုးနဲ့ ကောက်ခံတဲ့ ဘဏ်ငွေစုစာရင်းစာအုပ် ၈ အုပ်ထဲကို လှူဒါန်းလာတဲ့အလှူငွေ စသဖြင့် လစဉ် ဘတ်သန်းနဲ့ချီ ဝင်ငွေရှိပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ လူနာတိုင်းကို လက်မခံတာ၊ လူနာဝန်ဆောင်မှုတွေ အရင်လို မကောင်းမွန်တော့တာ၊ လူနာတွေအတွက် အသုံးအဆောင်ဆေးဝါးတွေ သွားလှူရင် လှိုက်လှိုက်လှဲလှဲမရှိဘဲ ငွေကိုသာ လှူစေချင်တာ၊ အထူးသဖြင့် ဆရာတော်နဲ့ အနီးကပ်ဆုံး ကပ္ပိယ မော်ဘီမှာ တန်ဖိုးကြီး တိုက်အိမ်နဲ့ မြေကွက်ပိုင်ဆိုင်တာ၊ ဇနီးတွေက အသုံးအဖြုန်းကြီးတာ၊ ဒါ့အပြင် ဆရာတော်က ဧကပေါင်း ရာနဲ့ချီတဲ့ မြေကွက်၊ ဟိုတယ်၊ အားကစားကွင်းတွေ ပိုင်ဆိုင်တာ စတဲ့ မသင်္ကာစရာ တွေ့ရှိတာကြောင့် လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောနေကြသလို သက်ဆိုင်ရာကို တိုင်တန်းထားတာတွေလည်း ရှိလာပါတယ်။
ဒါကြောင့် စုံစမ်းထောက်လှမ်းမှုတွေကို ဒီဩဂုတ်လဆန်းပိုင်းကတည်းက ပြုလုပ်ပြီး ကျောင်းတိုက်ကိုလည်း မကြာခဏ သွားရောက်စစ်ဆေးခဲ့တယ်၊ ငွေစာရင်းစစ်ဆေးရာမှာ ဝင်ငွေထွက်ငွေ အသုံးစရိတ်မမှန်ကန်တာ၊ ဘုန်းကြီးပိုင်ငွေ ဘတ်သန်းပေါင်း ထောင်နဲ့ချီရှိတာ၊ ကပ္ပိယ မော်ဘီလည်း ဘတ် သန်း ၃၀ တန် ဇိမ်ခံတိုက်အိမ် မကြာသေးခင်ကမှ ဝယ်ယူထားပြီး ဘတ်သန်းပေါင်း ရာနဲ့ချီ ချမ်းသာတာတွေ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် သာသနာ့ဝန်ထမ်း ကျင့်ဝတ်ချိုးဖောက်မှု၊ အများပိုင်ငွေ လိမ်လည်မှု၊ အလွဲသုံးစားပြုမှု၊ ပူးပေါင်းငွေကြေးခဝါချမှုတွေနဲ့ ကနဦး အမှုဖွင့် အရေးယူခံထားရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက အဆိုပါ AIDS လူနာရုံကို သွားရောက် စစ်ဆေးတာမှာ လူသေအလောင်း ၂၀ ကျော်ကို ချက်ချင်းမြှုပ်နှံ သင်္ဂြိုဟ်ခြင်းမရှိဘဲ လနဲ့ချီ သိမ်းထားတဲ့အပြင် လူအရိုးစုပေါင်း ထောင်နဲ့ချီကို နှစ်ရှည်လများ ထုပ်ပိုးသိမ်းဆည်းထားတယ်၊ ဆရာတော်ကတော့ အလောင်းတွေ ချက်ချင်းမသင်္ဂြိုဟ်တာဟာ သေဆုံးသူတွေရဲ့ မသေခင် မှာကြားချက်အရ ဖြစ်တယ်၊ သူတို့ခန္ဓာကိုယ်တွေကို ဆေးပညာဘာသာရပ်မှာ သုတေသနပြုဖို့ လှူခဲ့လို့ အသုံးမပြုရသေးလို့ မသင်္ဂြိုဟ်ရသေးတာ၊ အရိုးစုတွေကတော့ ဆွေမျိုးမဲ့လူနာတွေဖြစ်ပြီး တချိန်ချိန်မှာ သက်ဆိုင်ရာ မိဘဆွေမျိုးတွေက ပြန်လာတောင်းတဲ့အခါ ပြန်အပ်ဖို့ ထုပ်ပိုးထားတာလို့ ပြောပါတယ်။
ကျန်းမာရေးဌာနကတော့ အဆိုပါလုပ်ဆောင်ချက်ဟာ ကူးစက်ရောဂါပြန့်ပွားမှုဥပဒေ၊ စျာပနကိစ္စဆိုင်ရာ ဥပဒေတွေနဲ့ ငြိစွန်းတယ်လို့ ဆိုပါတယ်။
ဘုန်းကြီးကတော့ ဥပဒေကို နားမလည်လို့ ပြုလုပ်ခဲ့မိကြောင်း၊ တာဝန်ရှိသူတွေ ညွှန်ကြားမယ့်အကြောင်း ဝန်ခံခဲ့တာကြောင့် သက်ဆိုင်သူ ဆွေမျိုးတွေ ကြေညာအသိပေးပြီး အဆိုပါအလောင်းနဲ့ အရိုးစုတွေကို သက်ဆိုင်ရာက ပြီးခဲ့တဲ့အပတ်က သုတ်သင်ရှင်းလင်း သင်္ဂြိုဟ်ခဲ့ပါတယ်။
ဒါပေမဲ့ ဆရာတော်ဟာ အဲဒီကျောင်းမှာ HIV ကူးစက်ခံရသူ ၁၂၅ ယောက်သာရှိပေမဲ့ ၁,၀၀၀ ကျော်ရှိကြောင်း လိမ်လည်ပြောဆို အလှူခံတဲ့ အမှုကိုလည်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဆရာတော်ရဲ့ ကိုယ်ရေးရာဇဝင်တွေပါ ပြန်လည်စစ်ဆေးရာမှာတော့ ဆရာတော်ရဲ့ နိုင်ငံသား မှတ်ပုံတင်မှာ သေဆုံးသွားပြီဖြစ်တဲ့ အယုဒ္ဓယခရိုင်က အစိုးရဝန်ထမ်းတယောက်ရဲ့ အမျိုးသားမှတ်ပုံတင်အမှတ်နဲ့ မျိုးရင်းအမည်တွေပါ တူညီနေတာ တွေ့ရတယ်၊ အဆိုပါ အစိုးရဝန်ထမ်းရဲ့ အိမ်သားတွေကတော့ အစိုးရဝန်ထမ်းက မှတ်ပုံတင်အစစ်ဖြစ်ပြီး ဆရာတော်က ယူသုံးထားလို့ တရားစွဲမယ်လို့ ပြောပါတယ်။
မှတ်ပုံတင်ဌာနက ပြန်လည်စစ်ဆေးရာမှာ ဆရာတော်ဟာ ငယ်စဉ်က အမည်ရင်းနဲ့ မှတ်ပုံတင်တခု ကိုင်ဆောင်ပြီး အမည်သစ်နဲ့ မှတ်ပုံတင်နံပါတ်သစ်ကို အသက် ၂၆ နှစ်မှ ကိုင်ဆောင်တာ တွေ့ရှိတယ်၊ အရွယ်ရောက်တော့ စစ်မှုထမ်းရမယ့် တာဝန်ကို တိမ်းရှောင်ပြီး နှစ်အတော်ကြာ ဇာတ်မြှုပ်နေခဲ့တယ်လို့ ဆိုပါတယ်။
ဆရာတော်ကတော့ စစ်မှုထမ်း တမင်ရှောင်တာမဟုတ်ဘဲ မလေးရှားမှာ အလုပ်သွားလုပ်နေတာလို့ ပြောပါတယ်။
ဒါ့အပြင် ဆရာတော်ဟာ ဘန်ကောက် ကဆစ်ဆဒ်တက္ကသိုလ်နဲ့ ဩစတြေးလျနိုင်ငံက တက္ကသိုလ်တခုကနေ ဘွဲ့ရကြောင်း ဒါယကာတွေကို ပြောထားပေမဲ့ စစ်ဆေးရာမှာ အဲဒီကျောင်းတွေမှာ ဆရာတော်အမည် မတွေ့ရှိဘူးလို့ ဆိုပါတယ်။
နှစ်ပေါင်း ၃၀ ကျော် ထိုင်းပြည်သူတွေရဲ့ ယုံကြည်မှု၊ ကြည်ညိုမှု၊ သဒ္ဒါကြည်ဖြူမှုတွေ ရခဲ့တဲ့ အဆိုပါဆရာတော်ဟာ ဒီလထဲမှာ မယုံကြည်နိုင်လောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့သူ ဖြစ်သွားရပါတယ်။
အခုလို အမှန်တရားတွေ ထွက်ပေါ်လာရတဲ့ အစပျိုးမှုဟာ ဆရာတော်ရဲ့ လူယုံတော် ကပ္ပိယ မော်ဘီ ကြောင့်ပဲလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ကျရွန်းကစ် ဘန်ကယောက်က သတင်းထောက်တွေကို ပြောပါတယ်။
ကပ္ပိယ မော်ဘီမှာ အမျိုးသမီး ၄ ယောက်နဲ့ တအိမ်တည်း ပေါင်းသင်းနေထိုင်နိုင်အောင် စည်းရုံးမှု ကောင်းခဲ့ပေမဲ့ ၄ ယောက်လုံး တယောက်နဲ့တယောက် သင့်မြတ်အောင်တော့ မစီမံနိုင်ခဲ့ဘူး၊ သဝန်တိုမှုတွေကြောင့် အချက်အလက် ဖော်ထုတ်ရာက မော်ဘီရဲ့ ပိုင်ဆိုင်မှုတွေ စစ်ဆေးခဲ့ရတယ်၊ သူ့ပိုင်ဆိုင်မှုတွေဟာလည်း ကျောင်းတိုက်အလှူငွေတွေနဲ့ ဆက်နွှယ်ရာက ဆရာတော်ကိုပါ စစ်ဆေးဖို့ ဖြစ်လာရတာလို့ ဆိုပါတယ်။
မော်ဘီရဲ့ အမည်ရင်းမှာ နိုင်းဆိခ်ဆန် ဆစ်စကွန်း ဖြစ်ပြီး ဘန်ကောက်ဇာတိ၊ တရုတ်နွယ်ဖွား ဖြစ်ပါတယ်။ ဆယ်ကျော်သက်ရွယ်ကတည်းက ဘာသာရေးလိုက်စားပြီး ဝိညာဉ်လောကတွေကို စိတ်ဝင်စားတယ်၊ အမေရိကန်မှာ ဘွဲ့ရခဲ့ပေမဲ့လည်း ဘာသာရေးနဲ့ဆိုင်တဲ့ အလုပ်ပဲ လုပ်တယ်၊ လူတွေက ဒုက္ခဆင်းရဲက လွတ်ကင်းအောင် ဆောင်ရွက်မယ်ဆိုပြီး တရားပြခြင်း၊ တရားအားထုတ်ခြင်း၊ ပြုစားခံရသူတွေကို ကုသခြင်း၊ ဝိညာဉ်တွေနဲ့ ဆက်သွယ်ခြင်း စတာတွေ လုပ်တယ်၊ Ghost Ambassador ဆိုတဲ့အမည်နဲ့ ယူကျုချန်နယ်လ်ဖွင့်ပြီး ဝိညာဉ်အကြောင်း၊ တစ္ဆေသူရဲအကြောင်း ပြောတယ်၊ လူသိများတယ်၊ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်တာကြောင့် ဆရာတော်နဲ့ တွဲဖွင့်တဲ့ HIV ကုသရေးစင်တာမှာ နိုင်ငံခြားက ကူညီထောက်ပံ့ငွေ အမြောက်အမြား ရခဲ့တယ်လို့ ဆိုပါတယ်။
ဆရာတော်မှာ လူဝတ်လဲခံထားရပြီး လက်ရှိ ၂ ယောက်လုံး အချုပ်ထဲရောက်နေကာ ဒီဖြစ်စဉ်မှာ နောက်ထပ် ပါဝင်ပတ်သက်နေသူ အယောက် ၃၀ လောက် ကိုလည်း အရေးယူဖို့ ဆက်လက် စစ်ဆေးနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
Source: 3Plus News / Thai PBS / TNEWS










