
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွားအုပ်စု၊ သံစွန်းကျေးရွာမှာရှိတဲ့ ပလပ်မြေတွေကို မြို့နယ် သံဃနာယက ဘုန်းကြီး ၂ ပါးက ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက် ရောင်းစားနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မြေဧက ၇ ဧကလောက်ကို အဆိုပါဘုန်းကြီး ၂ ပါးက ခွင့်ပြုချက်မရှိဘဲ ရောင်းစားနေတာကြောင့် ဒေသခံတွေအနေနဲ့ ထိရောက်စွာ အရေးယူပေးစေလိုတယ်လို့ ဆိုပါတယ်။
သံစွန်းကျေးရွာမှာ နေထိုင်သူတယောက်က “ရွာမြေကျတော့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကပဲ စီမံပိုင်ခွင့်ရှိတာပေါ့။ ရွာသူရွာသားတွေက အကွက်ရိုက်ပြီး ရောင်းစားရင်တောင် ဥပဒေနဲ့မညီဘူး။ ရိုက်ရောင်းလို့ မရဘူး။ ဘုန်းကြီး ရဟန်းတွေကျတော့ ပိုဆိုးတာပေါ့။ ဝိနည်းနဲ့ မညီဘူး။ အဲဒါဘုန်းကြီးတွေက ရွာမြေတွေကို ရောင်းစားတာပေါ့။ ဒေသခံတွေကြားထဲမှာလည်း ဝေဖန်မှု မြင့်တက်နေတာပေါ့။ ဘုန်းကြီးတွေက ရိုက်ရောင်းလို့ရလားပေါ့။ သူတို့တောင် ရောင်းရင် ငါတို့လည်း ရောင်းမှာပေါ့ ဆိုတဲ့ ဝေဖန်မှုတွေက မြင့်တက်နေတာပေါ့။ ကျနော်တို့က အရေးယူစေချင်တာပေါ့။ မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်တော့လည်း အရေးယူမှုမရှိဘူး” လို့ ပြောပါတယ်။
“ပလပ်မြေ/လှပ်မြေ" ဆိုတာဟာ “သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျက် တစုံတရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ” ကို ဆိုလိုပြီး ပလပ်မြေမှာ လယ်ယာမြေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားပါက မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေမှာ အကျုံးဝင်ပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့ကို လျှောက်ပြီး အသုံးပြုခွင့်ရမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း ပြန်လည်သိမ်းဆည်းထားတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း စစ်အာဏာရှင်ခန့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ပြောကြားထားပါတယ်။










