
“K-Pop Demon Hunters” ဆိုတဲ့ အန်နီမေးရှင်း ဇာတ်ကားဟာ Netflix ပေါ်မှာ ကြည့်ရှုမှုအများဆုံး စံချိန်တင်နိုင်ခဲ့ကြောင်း ရုပ်သံထုတ်လွှင့်ရေး ပလက်ဖောင်းအနေနဲ့ အတည်ပြုပါတယ်။
ဇွန်လပိုင်းတုန်းက ထွက်လာခဲ့တဲ့ အဲဒီရုပ်ရှင်ကို အကြိမ်ရေ ၂၃၆ သန်းကျော် ကြည့်ရှုခဲ့ကြပြီး ဒါဟာ Netflix မှာ စံချိန်တင်ထားတဲ့ Red Notice အက်ရှင်-ဟာသ ဇာတ်ကားထက် ကျော်တက်နိုင်ခဲ့တာပါ။
Sony Pictures ကုမ္ပဏီက ထုတ်လုပ်တဲ့ ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ် K-Pop အဖွဲ့တခုရဲ့ စွန့်စားခန်းတွေကို ဇာတ်လမ်းဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲဒီနောက် အမျိုးသမီး အဆိုတော် ၃ ယောက်ဟာ နတ်ဆိုးတွေရန်ကနေ လူသားတွေကို ကာကွယ်ဖို့အတွက် သီချင်းနဲ့ ကိုယ်ခံပညာတွေ သုံးရင်း တေးသရုပ်ဖော်မယ့် Musical အမျိုးအစားပဲ ဖြစ်ပါတယ်။
Spotify မှာလည်း ရုပ်ရှင်ထဲက သီချင်းတွေဟာ အွန်လိုင်းပေါ် နားဆင်မှုအများဆုံး ဖြစ်လာခဲ့ပြီး BTS နဲ့ Blackpink လိုမျိုး ထိတ်ထိတ်ကြဲ K-pop အဖွဲ့တွေထက်တောင် ပိုမိုများပြားပါတယ်။ Billboard 100 စာရင်းထဲမှာတော့ ဇာတ်ဝင်သီချင်း ၄ ပုဒ်အထိ ပထမဆုံးအကြိမ် ပါဝင်လာတဲ့အပြင် “Golden” အမည်ရ သီချင်းဆိုရင် နံပါတ်တစ်နေရာပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
အခုလိုမျိုး မျက်စိပသာဒဖြစ်စေတဲ့ ကာတွန်းရုပ်ထွက်တွေက ရိုးရာနဲ့ခေတ်သစ် ကိုရီးယား ယဉ်ကျေးမှု နှစ်ခုစလုံးကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့တဲ့အတွက် ချီးကျူးထားကြပါတယ်။
အဲဒီရုပ်ရှင်အတွက် ဆွဲဆောင်မှုအရှိဆုံး အချက်ဟာ နားထဲစွဲလွယ်တဲ့ K-pop သီချင်းတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါဟာ BTS နဲ့ Twice စတဲ့ နာမည်ကြီးအဖွဲ့တွေနဲ့ တွဲဖက်လုပ်ကိုင်ဖူးသူတွေက ဇာတ်ဝင်တေးတွေကို ဖန်တီးပေးထားတာကြောင့် ဖြစ်ပါတယ်။
K-Pop Demon Hunters ရဲ့ တွဲဖက်ဒါရိုက်တာဖြစ်သူ ကနေဒါ-ကိုရီးယားနွယ်ဖွား မက်ဂီခန်း (Maggie Kang) ကတော့ ဇာတ်ဝင်သီချင်းတွေကို တကယ့်အံ့မခန်း ဖြစ်စေလိုကြောင်း ပြောခဲ့ဖူးပါတယ်။
နောက်ဆက်တွဲ ရုပ်ရှင်ထွက်နိုင်ဖို့တော့ ဆွေးနွေးမှုတွေဟာ အစောပိုင်းအဆင့်မှာသာ ရှိနေသေးကြောင်း သိရပါတယ်။
Source:Reuters










