
ဝါရင့်အားကစားတင်ဆက်သူ ဂယ်ရီလိုင်းနက်ကာဟာ ဒီနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲကို Salford က စတူဒီယိုထဲမှာပဲ ရိုက်ကူးတင်ဆက်မဲ့ BBC ရဲ့ အစီအစဉ်ကို ဝေဖန်လိုက်ပြီး သူ့အနေနဲ့ နယူးယောက်မြို့ကနေ တင်ဆက်ခွင့်ရတော့မှာဖြစ်လို့ ဝမ်းမြောက်ကြောင်း ပြောကြားပါတယ်။
လိုင်းနက်ကာဟာ ပြီးခဲ့တဲ့ မေလက အစ္စရေးအရေးနဲ့ ပတ်သက်တဲ့ ပို့စ်တခုကြောင့် BBC ကနေ အထုတ်ခံခဲ့ရသူဖြစ်ပြီး အခုအခါ သူ့ရဲ့ ‘The Rest is Football’ ပေါ့ဒ်ကတ်စ်ကို Netflix က ပေါင် ၁၄ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
လိုင်းနက်ကာဟာ အယ်လန်ရှီးယား၊ မိုင်ကာရစ်ချက်တို့နဲ့အတူ နယူးယောက်ရှိ Times Square ရှုခင်းကို နောက်ခံထားကာ ကမ္ဘာ့ဖလားသတင်းတွေကို နေ့စဉ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နာမည်ကျော်နည်းပြ မော်ရင်ဟိုဟာ သူနဲ့ စကားမပြောတာ ၁၀ နှစ်ကျော်ရှိနေပြီဖြစ်ပြီး အကြောင်းရင်းကို ဒီနေ့တိုင် မသိရသေးကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။
လက်ရှိမှာတော့ မော်ရင်ဟိုကို ရီးရဲလ်မက်ဒရစ်အသင်းက ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။










