
ကမ္ဘာကျော် ကေပေါ့ပ်ဂီတအဖွဲ့ BTS ရဲ့ တကျော့ပြန်ရှိုးပွဲကို Netflix ကနေ တိုက်ရိုက် ထုတ်လွှင့် ခဲ့ရာမှာ ကမ္ဘာတဝန်းကြည့်ရှုသူ ၁၈ ဒသမ ၄ သန်းအထိ ရှိခဲ့တယ်လို့ အတည်ပြုပါတယ်။
ဒါဟာ ၈၂ ရက် ကြာမြင့်မဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ရဲ့ အစဖြစ်သလို လက်မှတ်အားလုံး ရောင်းထွက်သွားပြီလို့လည်း သိရပါတယ်။
မတ် ၂၁ ရက်က တနာရီကြာ ဖျော်ဖြေမှုဟာ ကမ္ဘာ့ ၂၄ နိုင်ငံမှာ ထိပ်ဆုံးနေရာကို ရောက်လာခဲ့တယ် ဆိုပြီး Netflix ရဲ့ အဆင့်သတ်မှတ်ချက်အတွင်း ဖော်ပြထားပါတယ်။
၂၀၂၂ အောက်တိုဘာကစလို့ BTS အဖွဲ့ဝင်တွေဟာ စစ်မှုထမ်းတာဝန်အသီးသီးကို ထမ်းဆောင် ခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အတူတကွ ပြန်လည်ဖျော်ဖြေခဲ့ကြတာပါ။
အခုလို တကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်လာခဲ့တဲ့ BTS အဖွဲ့ထဲမှာ RM, Jin, V, Suga, J-Hope, Jimin နဲ့ Jung Kook ဆိုပြီး ၇ ယောက် ပါဝင်ပါတယ်။
အဲဒီရှိုးပွဲအတွက် SWAT လိုမျိုး အထူးရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ရဲအင်အား ၇,၀၀၀ နီးပါးနဲ့ ဒရုန်း ကာကွယ်ရေးစနစ်တွေကိုပါ အစိုးရဘက်က နေရာချထားပေးခဲ့ပါတယ်။
တချိန်တည်းမှာပဲ BTS ရဲ့ အေဂျင်စီ BigHit နဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Hybe တို့ဟာ အဖွဲ့ဝင်တွေ ပြန်လည်ပေါင်းစည်းပြီး ကမ္ဘာလည့်ဖျော်ဖြေမှုကနေ ဒေါ်လာ တဘီလီယံကျော် ဝင်ငွေကို ရရှိဖို့ အတွက် မျှော်မှန်းထားပါတယ်။
ဒါ့အပြင် BTS ဟာ Hybe ရဲ့ အဓိကဝင်ငွေရင်းမြစ် ဖြစ်တဲ့အလျောက် စစ်မှုထမ်းကာလအတွင်း အနုပညာလုပ်ငန်းတွေ ရပ်နားထားရချိန်မှာ လုပ်ငန်းလည်ပတ်မှုအမြတ်က အတော်ကို လျော့နည်း သွားခဲ့ပါတယ်။
ဒီဖျော်ဖြေရေးကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ BTS အခမဲ့ရှိုးပွဲကို လာရောက်ကြည့်ရှုသူပေါင်း ၁၀၄,၀၀၀ လောက် ရှိခဲ့ပေမဲ့ အစောပိုင်းတုန်းက ခန့်မှန်းထားခဲ့တဲ့ ပရိသတ် ၂၆၀,၀၀၀ ထက်တော့ လျော့နည်းခဲ့ပါတယ်။
အဲဒီနောက် တင်းကျပ်လှတဲ့ လူစုလူဝေးထိန်းချုပ်ရေး အစီအမံတွေနဲ့အတူ လူအုပ်ပိမှာကို စိုးရိမ်တာမျိုး ရှိနေတာကြောင့် Netflix ကနေသာ အဓိကထား အားပေးခဲ့ကြတာ ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်ထားကြပါတယ်။
BTS ရဲ့ Arirang အမည်ရ အယ်လ်ဘမ်အသစ်နဲ့ တကျော့ပြန်ခရီးစဉ် မတိုင်ခင်အထိ Hybe ကုမ္ပဏီရဲ့ ရှယ်ယာဈေးဟာ မြင့်တက်နေပေမဲ့လည်း မတ် ၂၃ ရက်နေ့ အရောက်မှာတော့ ၁၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ပြန်ကျသွားခဲ့ပါတယ်။
Source: Reuters










