DVB Logo
Home
မြန်မာသတင်း
တနှစ်ကို ၃ သီး စိုက်ပျိုးရန် ဧရာဝတီတောင်သူများကို စစ်ကောင်စီ ဖိအားပေး
DVB
·
August 29, 2025
တနှစ်ကို ၃ သီး စိုက်ပျိုးရန် ဧရာဝတီတောင်သူများကို စစ်ကောင်စီ ဖိအားပေး
Donate to DVB

ဧရာဝတီတိုင်း တတိုင်းလုံးက ရေရရှိနိုင်တဲ့ နေရာတိုင်းမှာ တနှစ်ကို ၃ သီး အပြည့်အဝ စိုက်ပျိုးရမယ်လို့ ကူညီထောက်ပံ့တာမရှိဘဲ စစ်ကောင်စီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လယ်သမားတွေကို ဖိအားပေး ပြောခဲ့ပါတယ်။

တနှစ် တသီး စိုက်ပျိုးခဲ့တဲ့ မြေနေရာမှာ တနှစ် ၂ သီး၊ တနှစ် ၂ သီး စိုက်ပျိုးခဲ့တဲ့ မြေနေရာမှာ တနှစ် ၃ သီး စိုက်ပျိုးနိုင်အောင် တောင်သူတွေကို စည်းရုံးဖို့လည်း ပြောဆိုခဲ့ပါတယ်။

ဦးတင်မောင်ဝင်းက “စိုက်ပျိုးနိုင်တဲ့ မြေနေရာတွေအားလုံး မြေလပ်မရှိ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်။ လိုအပ်တဲ့ စိုက်ပျိုးရေရရှိရေးကို အစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးမယ်” လို့ သြဂုတ် ၂၇ ရက် ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စုက တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ကြည့်ရှုစစ်ဆေးပြီးနောက် တောင်သူတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။

နောက်ပြီး အောင်မြင်ဖြစ်ထွန်းနိုင်တဲ့ မြေနေရာ ရွေးချယ်ပြီး ဆီထွက်သီးနှံ မြေပဲ၊ နှမ်းအပြင် နေကြာ စိုက်ပျိုးခြင်းကို သီးထပ်၊ သီးညှပ်၊ သီးသန့်စိုက်ခင်းတွေ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ဖို့လည်း ပြောဆိုခဲ့ပါသေးတယ်။

အင်္ဂပူမြို့နယ်က တောင်သူတယောက်က “ဦးလေးတို့ အင်္ဂပူဘက်ဆို ဆည်ရေနဲ့ နွေစပါးစိုက်ရတာ ရေမရလို့ နွေစပါးမရတာ ၃ နှစ်ရှိပြီ။ လယ်တွေက နှစ်သီးစားပဲရတယ်။ နွေစပါးနဲ့ မိုးစပါးပဲ။ သူတို့ပြောသလို ၂ သီးစားကို ၃ သီးစား စိုက်လို့ကိုမရဘူး။ တချို့စိုက်ခင်းတွေက မတ်ပဲနဲ့ မိုးစပါး စိုက်တယ်၊ နွေစပါးစိုက်မရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ရေငံဝင်ရောက်တဲ့ ငပုတော၊ လပွတ္တာ၊ ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တွေမှာလည်း ရေငံဒဏ်ခံ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် အခုချိန်ကတည်းက ရေငံဒဏ်ခံ စပါးစံပြကွက်တွေ စိုက်ပျိုးသွားဖို့လည်း ပြောဆိုခဲ့ပါတယ်။

ဒေးဒရဲတောင်သူတယောက်က “ဒေးဒရဲဘက်မှာ ရေငံဝင်တာကြောင့် မိုးစပါးတောင် အပြည့်အဝ မစိုက်ပျိုးရပါဘူး။ ဒါကို သုံးသီးစိုက်ဖို့ စပါးသာ ရှာခိုင်းနေတာ။ ရေငံတား တာတည်ဆောက်ဖို့ တင်ပြထားကြတာပေါ့။ မိရိုးဖလာလယ်တွေ လွှတ်မထားချင်လို့သာ လုပ်နေတာ။ ထွန်ယက်ခ၊ အလုပ်သမားခ အကုန်အတက်၊ အဆိုးဆုံးက မြ​ဩဇာဈေးပဲ တသိန်းခွဲဖြစ်နေပြီ၊ လုပ်သာနေရတာ အမြတ်ဆိုတာ မမြင်ရဘူး။ စိုက်ပျိုးစရိတ်ကလည်း​ ချေးငှားလုပ်ရတော့ လယ်သမားတွေဘဝ နစ်သထက် နစ်နေတာ။ စပါးပေါ်ပြီဆို ဈေးက မကောင်းဘူး။ စပါးက အထွက်ကျတာနဲ့ အဆင်မပြေဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ကတော့ တောင်သူတွေလိုအပ်တဲ့ စိုက်ပျိုးရေ ရရှိအောင်နဲ့ အခြားသွင်းအားစုတွေကို အစိုးရအဖွဲ့ကနေ အားဖြည့်လုပ်ဆောင်ပေးမယ်လို့ ပြောဆိုထားပါတယ်။

ဧရာဝတီတိုင်းမှာ သြဂုတ်လဟာ မိုးစပါး အဓိကစိုက်ပျိုးနေကြတဲ့ ကာလဖြစ်ပြီး အခုနှစ် လယ်ထွန်ယက်ခတွေဟာ တဧကကို ၉၅,၀၀၀ ကနေ ၁၂၀,၀၀၀ အထိရှိပြီး မြေဩဇာတအိတ် ကျပ် ၁၅၀,၀၀၀ နဲ့ အထွေထွေအလုပ်သမားငှားရမ်းခတွေနဲ့ ကုန်ကျမှုတွေ အဆမတန် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013