
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ထဲက ဩဂုတ် ၂၅ ရက် မနက်က မြေပြိုကျိုးပဲ့ကျခဲ့တဲ့ ဂန်ချောင်းထုံးဝတာကို ပြန်လည်ပြုပြင်နေပြီး မူလတာဘေးမှာ ပန်းတာပြုလုပ်နေတာကြောင့် အနီးအနားက နေအိမ်တွေနဲ့ ကွမ်းခြံတွေ ဖျက်ပေးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်းတုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာအနီးက ဧရာဝတီမြစ်ရေကာတာဟာ ရေတိုက်စားမှုကြောင့် မနေ့ မနက် ၅ နာရီဝန်းကျင်မှာ ပေ ၃၀၀ ဝန်းကျင်လောက် ပြိုကျခဲ့တာ ဖြစ်ပါတယ်။
အဲဒီတာဟာ ကျေးရွာတွေနဲ့ ကပ်လျက်ရှိတာကြောင့် စိုးရိမ်ရတဲ့အခြေအနေအဖြစ်ပြီး သက်ဆိုင်ရာက ပြန်လည်ပြုပြင်နေတာဖြစ်ပါတယ်။
အဲဒီလို ပြန်လည်ပြုပြင်နေရာမှာ မလွတ်တာကြောင့် တာပဲ့ကျတဲ့နေရာအနီးက နေအိမ်တွေနဲ့ ကွမ်းခြံတွေကို ဖျက်ခိုင်းတာကြောင့် ဖျက်ပေးခဲ့ရတယ်လို့ တာပြုပြင်ရာမှာ သွားရောက်ကူညီနေသူတွေဆီက သိရပါတယ်။
ဒေသတွင်း လူမှုကူညီရေးအဖွဲ့တခုရဲ့ တာဝန်ရှိသူက “ကျနော်တို့အဖွဲ့က ရောက်တာ နောက်ကျသွားတော့ အိမ်ဘယ်နှလုံး၊ ကွမ်းခြံ ဘယ်နှခြံရယ်လို့တော့ တိတိကျကျ မသိဘူး။ ပန်းတာလုပ်နေတော့ မလွတ်တဲ့ဟာတွေ ဖျက်ပေးရတဲ့သဘောပါ” လို့ DVB ကို ပြောပါတယ်။
လက်ရှိမှာ ပန်းတာတည်ဆောက်မှု ပြီးစီးသလောက်နီးပါးရှိပေမဲ့ စိတ်ချရတဲ့ အနေအထား မရှိသေးတဲ့အတွက် အနီရောင်အဆင့် အရေးပေါ်အခြေအနေ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
အဲဒီတာပြိုကျတဲ့နေရာကို စစ်အာဏာရှင် တိုင်းအစိုးရအဖွဲ့၊ လယ်/ဆည် ဒုဝန်ကြီးနဲ့ ဝန်ကြီးတချို့ ဩဂုတ် ၂၅ ရက် နေ့လယ်ပိုင်းမှာ သွားကြည့်တာတွေ့ရပြီး လက်ရှိမှာတော့ ဒေသခံတွေ၊ မီးသတ်နဲ့ စစ်တပ် စုစုပေါင်း အင်အား ၅၀၀ ဝန်း ကျင်နဲ့ တာကို ပြုပြင်နေတယ်လို့ သိရပါတယ်။
Photo: ဒေသခံ











