
အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းအနီးရှိ ပါလ်ဂါမြို့မှာ အဆောက်အအုံပြိုကျမှုကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့အတွက် သြဂုတ် ၂၈ ရက်မှာ အိန္ဒိယ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေကို တူးဖော်ခဲ့ပါတယ်။
ဩဂုတ် ၂၇ ရက်က မွမ်ဘိုင်းမြို့မြောက်ဘက် ၁၁၈ ကီလိုမီတာ အကွာရှိ ပါလ်ဂါမြို့မှာ အဆောက်အအုံ ပြိုကျခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့က တာဝန်ရှိသူတွေဟာ အနံ့ခံခွေးတွေနဲ့ လက်စွဲကိရိယာတွေကို အသုံးပြုပြီးတော့ အပျက်အစီးတွေကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြပါတယ်။
ဒီဖြစ်ရပ်မှာ လူ ၁၅ ယောက် သေဆုံးခဲ့ပြီးတော့ ဒဏ်ရာရရှိသူ ၉ ယောက်ကို ကုသပေးနေပါတယ်။
လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်လို့ ဗာဆိုင်းဗီရာ့မြို့တော်စည်ပင် လက်ထောက်ကော်မရှင်နာ ဆန်ဂျေး ဟီရ်ဝါဒီက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ မုတ်သုံရာသီအတွင်း အဆောက်အအုံပြိုကျမှုတွေ အဖြစ်များပြီး အများစုမှာ ဆောက်လုပ်ရေး ညံ့ဖျင်းမှုကြောင့် ဖြစ်ပါတယ်။
ဗာဆိုင်းဗီရာ့ ရဲတပ်ဖွဲ့ဟာ ဆောက်လုပ်ရေးလုပ်ငန်းကို လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှု၊ ပေါ့ဆမှုတို့နဲ့ စွဲချက်တင်ကာ ဖမ်းဆီးလိုက်ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
Source: Reuters










