
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ အထပ်မြင့် အဆောက်အအုံ ပြိုကျလို့ လူငါးယောက်ထက် မနည်း သေဆုံးပြီး ကိုးယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ကယ်ဆယ်ခံရတဲ့လူတွေထဲက တချို့ဟာ ဒဏ်ရာကြောင့် အသည်းအသန် အခြေအနေမှာ ရှိနေတယ်၊ သူတို့ကို ဆေးရုံတင်ပို့ထားတယ်လို့ ရဲဌာနကို ကိုးကားပြီး ဒေသခံ မီဒီယာတွေက ထုတ်ပြန်ပါတယ်။
ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ အသက်ရှင် ကျန်ရစ်သူတွေကို ရှာနေပါတယ်။
ပြိုမကျခင်က မြေအောက်ခန်းနဲ့ အပေါ်ထပ် ငါးထပ် ပါပြီး သက်တမ်း အနှစ် ၄၀-၅၀ ရှိနေတဲ့ အဆောက်အအုံကို ကျောင်းသားအခပေးအဆောင်အဖြစ် သုံးနေတာပါ။
ပြိုကျချိန်က မြေအောက်ခန်းမှာ ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဒေလီရဲတပ်ဖွဲ့က ကြေညာချက်တစောင်မှာ ပြောပါတယ်။
ပိတ်မိနေသူတွေကို ဘေးကင်းကင်း ကယ်တင်ဖို့ ထိခိုက်ခံရတဲ့ မိသားစုတွေကို ချက်ချင်း အကူအညီပေးဖို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးပမ်းနေတယ်လို့ ဒေလီဝန်ကြီးချုပ် ရေခါ ဂုပ္ပတာက လူမှုမီဒီယာပလက်ဖောင်း X မှာတင်တဲ့ ပို့စ်တခုမှာ ပြောခဲ့ပါတယ်။
Source: Reuters











