
အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် အဆောက်အအုံပြိုကျပြီး ကလေးငယ် ၅ ယောက် အပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။
ဇူလိုင် ၅ ရက်က မြို့အရှေ့ပိုင်းမှာရှိတဲ့ ဟောင်းနွမ်းနေတဲ့ လူနေအဆောက်အအုံတလုံး ပြိုကျခဲ့လို့ ဒေသခံတွေ အပျက်အစီးတွေအောက် ပိတ်မိခဲ့တာလို့ မွမ်ဘိုင်းမြို့တော်ဝန် ရီတူးတောင်ဒီးက ထုတ်ပြန်ပါတယ်။
၂၄ နာရီအတွင်းမှာ မိုးရေချိန် ၂၀၀ မီလီမီတာထက်ကျော်ပြီး ရွာသွန်းခဲ့တာကြောင့် မြို့ရဲ့နေရာအတော်များများမှာ ရေကြီးရေလျှံခဲ့ပါတယ်။
မိုးလေဝသဌာနက ဇူလိုင် ၆ ရက်နေ့အတွက် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပြီး၊ မိုးဆက်ရွာပြီး လေပြင်းတိုက်မယ်လို့ ခန့်မှန်းထားပါတယ်။
လမ်းတွေမှာ ရေလွှမ်းမိုးနေတာကြောင့် မွမ်ဘိုင်းအာဏာပိုင်တွေက စာသင်ကျောင်းတွေနဲ့ ကောလိပ်တွေအားလုံးကို ဇူလိုင် ၆ ရက်မှာ ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။
မြို့တော်ဝန်ကလည်း လေပြင်းကြောင့် သစ်ပင်နဲ့ သစ်ကိုင်းတွေ ကျိုးကျနိုင်လို့ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။
အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် နှစ်စဉ်ရွာသွန်းတဲ့ မုတ်သုံမိုးကို အားထားကြရပေမဲ့၊ ရာသီဥတုပြောင်းလဲမှုတွေကြောင့် မိုးလေဝသပုံစံတွေ ဖောက်ပြန်လာပါတယ်။
အခုလို မိုးသည်းထန်စွာ မရွာခင် သီတင်းပတ်တွေတုန်းကတော့ မွန်ဘိုင်းမှာ အပူလှိုင်းဖြတ်ခဲ့လို့ ရေကူးကန်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရေသုံးစွဲမှု ကန့်သတ်ချက်တွေ ချမှတ်ခဲ့ရပါတယ်။
လူဦးရေ သန်း ၂၀ ကျော်နေထိုင်တဲ့ ဒီမြို့ကြီးမှာ ဒေတာစင်တာ အဆောက်အအုံတွေ တိုးချဲ့လာတာကြောင့် ရေအရင်းအမြစ် လိုအပ်ချက်တွေ ပိုမိုမြင့်မားလာနိုင်တယ်လို့လည်း စိုးရိမ်နေကြပါတယ်။
Source: Reuters










