
တယ်လီနောကုမ္ပဏီနဲ့ တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့တို့ကို ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း နော်ဝေအစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တဲ့အတွက် နော်ဝေရဲတပ်ဖွဲ့ဆီမှာ Justice For Myanmar နဲ့ ICJ Norway တို့က တိုင်ကြားချက် ဖွင့်လှစ်ခဲ့တယ်လို့ Justice For Myanmar က ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
တယ်လီနောဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ မြန်မာစောင့်ကြည့်ထောက်လှမ်းရေးစင်တာနဲ့ ဆက်နွှယ်တဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စောင့်ကြည့်ထောက်လှမ်းရေး စက်ပစ္စည်းကို တပ်ဆင်တာ၊ ထိန်းသိမ်းပြုပြင်တာနဲ့ တည်ဆောက်ရာတို့မှာ ပါဝင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ မတ် ၂၅ ရက်မှာ တယ်လီနောရဲ့ မြန်မာနိုင်ငံလုပ်ငန်းရောင်းချမှုရဲ့ အစိတ်အပိုင်းအနေနဲ့ M1 Group ကုမ္ပဏီခွဲတခုဆီကို စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီး သုံးစွဲသူတွေရဲ့ အန္တရာယ်ကျရောက်လွယ်တဲ့ အချက်အလက်တွေကို စစ်အုပ်စုဆီကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
တယ်လီနောရဲ့ လုပ်ငန်းကင်းလွတ်ခွင့်လိုင်စင် ရှိထားတာဟာ ဖြစ်နိုင်ဖွယ် ဒဏ်ခတ်ချိုးဖောက်မှုတွေ အတွက် ကာကွယ်မှု ဖြစ်နိုင်ပါတယ်။
Justice For Myanmar နဲ့ ICJ Norway တို့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ စည်းမျဥ်းမှ ကင်းလွတ်ခွင့်အတွက် တယ်လီနောအုပ်စုထံ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက ဘယ်လိုမျိုး လိုင်စင် ပေးအပ်ထားကြောင်း မသိရှိရဘူးလို့ ဆိုပါတယ်။
ICJ Norway အနေနဲ့လည်း အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တယ်လီနောထံ မေးမြန်းခဲ့ပေမဲ့ အဲဒီလိုင်စင်မျိုး ပေးအပ်ထားကြောင်း တယ်လီနောက ဖြေကြားခဲ့တာ မရှိခဲ့ဘူးလို့ သိရပါတယ်။











