
ဗိုက်ကင်းလေရှည်တစင်းဟာ ဩဂုတ် ၂၇ ရက်က လန်ဒန်တာဝါတံတားကနေ ဖြတ်သွားပြီး အရင်ခေတ်က ဥရောပရေလမ်းကြောင်းမှာ ဗိုက်ကင်းတွေ လှည့်လည်သွားလာတဲ့ ပုံစံအတိုင်း သွားခဲ့တယ်လို့ ရိုက်တာ ဖော်ပြပါတယ်။
ဒီဗိုက်ကင်းလှေဟာ ၁၀ ရာစုက ဗိုက်ကင်းလှေပုံစံအတိုင်း ပုံစံတူ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
၁၈၉၃ ခုနှစ် အစောပိုင်းက နော်ဝေနိုင်ငံမှာ တွေ့ရတဲ့ ပုံစံမျိုးဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်က ပြန်လည်တူးဖော်ရခဲ့တဲ့ ဆာဂါဖန်မန်း ဆိုတဲ့ ဗိုက်ကင်းလှေရှည်အတိုင်း ရှေးမူမပျက် ဝက်သစ်ချသားတွေ၊ ထင်းရှူးသားတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒီလှေတည်ဆောက်မှုကို ဗိုက်ကင်းအကြောင်း စိတ်ဝင်စားသူတွေက နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဒိန်းမတ်နဲ့ နော်ဝေအစိုးရတို့က ထောက်ပံ့မှု ပေးခဲ့ပါတယ်။
လှေတည်ဆောက်သူတွေဟာ မူလ ဗိုက်ကင်းလှေရဲ့ အတိုင်းအထွာအတိုင်း အရှည် ၆၉ ပေနဲ့ အကျယ် ၁၆ ပေရအောင် အတိအကျိ ပုံစံယူ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဗိုက်ကင်းလှေရဲ့ အကြီးအကဲ ဘီလ်က “ဒီလှေက လက်နဲ့တည်ဆောက်ထားတဲ့ လှေပါ။ မုန်တိုင်းကြောင့် ၉၉၈ ခုနှစ်က နော်ဝေမှာ နစ်မြုပ်ခဲ့ပြီး ပြန်တွေ့ခဲ့တဲ့ ဗိုက်ကင်းလှေအတိုင်း တည်ဆောက်ထားပါတယ်။ ဒီပုံစံအတိုင်းရအောင် ကျနော်တို့ တော်တော်လေး အသေးစိတ် လုပ်ခဲ့ရပါတယ်။ လှေကို ပြန်တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ရွက်လွှင့်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဗိုက်ကင်းခေတ်က ကုန်သွယ်မှုလမ်းကြောင်းအတိုင်းပေါ့။ ဒါ့ကြောင့် ဒီလက်လုပ်ဗိုက်ကင်းလှေက တကယ့်ဗိုက်ကင်းအစစ်လှေနဲ့ တော်တော်လေး တူလာပါပြီ” လို့ ပြောပါတယ်။
ဒီဗိုက်ကင်းလှေဟာ တည်ဆောက်ပြီးနောက် ပထမနှစ်မှာ တွန်စဘတ်ကနေ မီလာဂတ်၊ နောက် အစ္စတန်ဘူလ် ဥရောပကိုဖြတ်ပြီး ပင်လယ်နက်ကို သွားခဲ့ပါတယ်။ ဒုတိယမြောက်နှစ်မှာ အစ္စတန်ဘူလ်ကနေ ရောမကို သွားခဲ့ပါတယ်။
ဒီနှစ်မှာတော့ ဗိုက်ကင်းလှေဟာ ရောမကနေ ပြင်သစ်ကို ဖြတ် အင်္ဂလန်ရေလက်ကြားကို ဖြတ်ပြီး လန်ဒန်ကို သွားမှာ ဖြစ်ပါတယ်။
Source: Reuters











