DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံး
DVB
·
August 28, 2025
ဘုတလင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့ခြမ်း ပဲပြစ်တော အရှေ့ရွာအနီးမှာ ဩဂုတ် ၂၆ ရက် ညနေပိုင်းကစတင်ပြီး ဩဂုတ် ၂၇ ရက် မနက်ပိုင်းအထိ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ဘုတလင်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဩဂုတ် ၂၂ ရက် မနက်ပိုင်းက ဘုတလင်မြို့အနောက်ဘက် လွဲတဲရွာဘက်ကို စစ်ကြောင်းထွက်ပြီး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲပေးဖို့ ပြည်သူတွေကို စည်းရုံးခဲ့ကာ လွဲတဲရွာကနေ ထတန်းရွာ၊ တလိုင်းရွာကို ဖြတ်သန်းပြီး ပဲပြစ်တောရွာအရောက်မှာ အခုလို တိုက်ပွဲဖြစ်ပွားတာလို့လည်း သိရပါတယ်။

ပဲပြစ်တောရွာသားတယောက်က “စစ်ကြောင်းလာကတည်းက ရွာကနေ ရှောင်လာတာဗျ။ ဒီစစ်ကြောင်းက ရွေးကောက်ပွဲအတွက် စည်းရုံးရေးစစ်ကြောင်းမို့လားတော့ မသိဘူး၊ ရွာကိုတော့ မီးရှို့တာတွေ၊ ဖျက်ဆီးတာတွေ လုပ်မသွားဘူး။ သူတို့ မနေ့ညနေပိုင်းကတော့ တိုက်ပွဲဖြစ်ကြသေးတယ်နဲ့ တူတယ်။ ပစ်သံခတ်သံတွေတော့ ကြားလိုက်တယ်။ ညပိုင်း ရပ်သွားပြီး ဒီနေ့မနက်ခင်းပိုင်း ဘုတလင်ဘက် ပြန်ခေါက်သွားတာကို ဘုတလင်မြို့အဝင် မင်းကျော်ခေါင် စက်သုံးဆီအရောင်းဆိုင်အနီး မိုင်းထပ်ပြီး အဆွဲခံရသေးတယ်။ မိုင်းဆွဲတဲ့အသံလည်း ကြားလိုက်ရတယ်။ ဘယ်လောက်သေတယ် ဆိုတာကိုတော့ အတိအကျ မသိဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က အနည်းဆုံး ၅ ယောက်ထက်မနည်း သေဆုံးပြီး G1 တလက်၊ MA1 တလက်၊ လက်ပစ်ဗုံးသီးတလုံးနဲ့ ဖုန်းတလုံး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းရမိတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်က ပြောပါတယ်။

“မနေ့ ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်က ပဲပြစ်တောအရှေ့ရွာရဲ့ တောင်ဘက်ကို ထွက်လာတဲ့အချိန်မှာ ကျနော်တို့ဘက်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ။ စစ်(--)‌‌‌‌‌‌‌‌‌‌‌ ၂ ကောင်ကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ ကျနော်တို့ ဒရုန်းနဲ့တိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ဝင်ပစ်တယ်။ စစ်(--) ၃ ကောင်ထက်မနည်း သေတယ်။ စုစုပေါင်း ၅ ဦးထက်မနည်း သေတယ်။ ကျနော်တို့ အဲဒီတိုက်ပွဲမှာ သေနတ် ၂ လက်၊ ဗုံးသီးတလုံးနဲ့ ဖုန်းတလုံးလည်း သိမ်းဆည်းရခဲ့တယ်။ ဩဂုတ်လ ၂၇ ရက်နေ့ မနက်ခင်းမှာ မိုင်းထပ်ဆွဲ တိုက်ခိုက်ခဲ့သေးတယ်။ အဲဒီနေရာမှာလည်း စစ်ကောင်စီတပ်သားတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနိုင်တယ်။”

ဘုတလင်မြို့နယ်က ပဲပြစ်တောရွာ ရောက်ရှိနေတဲ့ စစ်ကြောင်းကို စစ်ကူပေးနိုင်ဖို့ ဩဂုတ် ၂၇ ရက် မနက်ပိုင်းမှာ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းတကြောင်း ထွက်လာပြီးနောက် မုံရွာ-ဘုတလင် အစပ်မှာရှိတဲ့ ဇီးတောကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံး ပျက်စီးခဲ့ပြီး ကားလမ်းမဘေးက ဈေးဆိုင်တွေကိုလည်း မီးရှို့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013