
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တောင်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်အာဏာရှင်တပ်က မေ ၁၆ ရက် မွန်းလွဲပိုင်းကစတင်က မုံရွာမြို့ နမခအထိုင်စခန်းကနေ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ပွိုင့်ကား ၅ စီးအပါအဝင် DC ကား တစီး၊ Jammer ဒိုင်နာကား တစီး၊ စစ်သားအင်အားပါ သံပြားကာကား ၆ စီးနဲ့ မိုးကာအုပ်ကား တစီးအပြင် ခြေလျင်စစ်ကြောင်းက စစ်သည်အင်အား အယောက် ၅၀ လောက်ပါလာတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။
ဘုတလင်ဒေသခံတယောက်က “ခါတိုင်းလို နယ်မြေပတ် ကင်းလှည်တဲ့ စစ်ကြောင်းလို မဟုတ်ဘူး။ ထွက်လာကတည်းက ကား ၁၃ စီးနဲ့ လက်နက်ရိက္ခာအပြည့်စုံနဲ့ စထွက်လာတာ။ အဲဒီလိုဆိုတော့ ကျနော်တို့ ပြည်သူတွေက ကြောက်ကြတာပေါ့။ အဲလို ကြောက်လို့လည်း စစ်ကြောင်းထွက်လာပြီ ဆိုကတည်းက အကုန်နေရပ်စွန့်ပြီး စစ်ကြောင်းရှောင်ကြတာ။ စစ်ကြောင်းကတော့ မေ ၁၆ ရက် နေ့က ဇီးတောအနောက်ရွာမှာ ညအိပ်တပ်စွဲပါတယ်။ မေ ၁၇ ရက်နေ့ကျတော့ ဇီးတောအနောက်ရွာကနေ ၂ ဖွဲ့ခွဲထွက်လာပြီး ရှေ့ဆုံးပွိုင့်က ကံသစ်ရွာကို ရောက်နေပါပြီ”လို့ ပြောပါတယ်။
စစ်ကြောင်းရန်ကြောင့် ဇီးတောအနောက်ရွာ၊ ရွှေချောင်းလည်၊ သရက်တိုရိုး၊ ထနောင်းကုန်း၊ ကံသစ်အရှေ့၊ ကံသစ်အနောက်၊ မှန်တော၊ ညောင်ရိပ်သာ၊ ညောင်ပင်ကန်၊ ကျီးပင်ချောင်၊ သာရိုးကုန်းနဲ့ မုံရွာ-ဘုတလင်သွား ကားလမ်းမအနီးအနားက ကျေးရွာတွေက ပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာနေကြရပါတယ်။
ဘုတလင်မြို့နယ် ပအဖ အဖွဲ့ဝင်တယောက်က “ဒီစစ်ကြောင်းက ဘုတလင်မြို့ တမြို့တည်းကို သွားမဲ့ စစ်ကြောင်းလို့တော့ ကျနော်တို့ မယူဆဘူး။ ဒီပဲယင်းမြို့နယ်ကို သွားမလား၊ ကနီနယ်ကနေ ဘုတလင်လမ်းပိုင်းကို သွားမလား အသေအချာတော့ မသိသေးဘူး။ အခုနောက်ပိုင်း စစ်တပ်က ဆက်သွယ်ရေးလမ်းပိုင်းတွေကို စိုးမိုးနိုင်ဖို့ တခြားမြို့နယ်တွေဘက်မှာ လုပ်ဆောင်လာတာကို မြင်တွေ့နေရတယ်။ အဲဒီလိုမျိုးလုပ်ဆောင်လာရာမှာ ကျနော်တို့အဖွဲ့တွေနဲ့ တိုက်ပွဲကတော့ မဖြစ်သေးပါဘူး”လို့ ပြောပါတယ်။
ဧပြီနဲ့ မေလအတွင်းမှာ ကနီမြို့နယ်အတွင်းက မုံရွာ-ယာကြီး-ကလေးလမ်းပိုင်း၊ ကနီ-ချောင်းမ-မုံရွာ သွားလမ်းပိုင်းနဲ့ ဘုတလင်မြိုနယ်အတွင်းမှာရှိတဲ့ မုံရွာ-ဘုတလင်-ရေဦး လမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်အောင် စစ်အာဏာရှင်တပ်ကတော့ လက်နက်အင်အား၊ စစ်သားအင်အား အများအပြားကို အသုံးပြုပြီး ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။










