DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့ကို စစ်တပ်က ဆေးဝါးသယ်ယူခွင့် တားမြစ်ထားသဖြင့် ဆေးဝါးပြတ်လပ်
DVB
·
August 28, 2025
မိုးကုတ်မြို့ကို စစ်တပ်က ဆေးဝါးသယ်ယူခွင့် တားမြစ်ထားသဖြင့် ဆေးဝါးပြတ်လပ်
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ မေလလောက်ကစတင်ပြီး စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထား‌တာကြောင့် မြို့တွင်းမှာ အခြေခံဆေးဝါးတချို့ ဝယ်မရဘဲ ပြတ်လပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးကနေ မိုးကုတ်မြို့ကို ကုန်ပစ္စည်းသယ်ဖို့ လမ်းတလမ်းပဲရှိပြီး စစ်ကိုင်းတံတားမှာ စစ်ကောင်စီတပ်က ဆေးဝါး၊ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ တွင်းသုံးပစ္စည်းတွေကို ပေးမသယ်ဘဲ သိမ်းထားတာကြောင့် မြို့တွင်းမှာ ဆေးဝါးတွေ ဝယ်ရခက်နေတာ ဖြစ်ပါတယ်။

မိုးကုတ်မြို့ခံတယောက်က “စစ်ကိုင်းတံတားမှာရယ်၊ စစ်ကိုင်းမြို့အထွက်ဂိတ်မှာလည်း စစ်တယ်။ ဆေးနဲ့ လျှပ်စစ်ပစ္စည်းဆို လုံးဝသယ်ခွင့်မရှိဘူးပေါ့‌နော်။ ဆေးကတော့ ဘယ်လိုဆေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဆေး၊ ဘယ်လိုဆေးပဲဖြစ်ဖြစ် သယ်ပိုင်ခွင့်မရှိဘူး၊ ပိတ်ပင်ထားတာ။ တကယ်လို့ သယ်ခဲ့တယ်၊ ရှာဖွေတွေ့ရှိခဲ့တယ်ဆို သူတို့က သိမ်းထားလိုက်တာ။ သူတို့က ဒဏ်ငွေအနေနဲ့ သူတို့နဲ့ညှိပြီး အဆင်ပြေသလောက် ပေးရတယ်” လို့ ပြောပါတယ်။

ဆေးဝါးတွေ သယ်ယူလို့မရတာကြောင့် မြို့ထဲမှာ ဆေးတွေပြတ်လပ်ပြီး ဝယ်ရခက်နေတဲ့အပြင် တချို့ဆေးတွေကိုလည်း စျေးပိုပေးဝယ်နေရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“ကိုယ်ဝန်ဆောင်အားဆေးဆို မြို့ထဲမှာ တဆိုင်မှဝယ်မရဘူး။ ရပ်ကွက်မှာလည်း ဝယ်မရဘူး။ ဆေးက လုံးဝကို ပြတ်နေတာ။ ဆီးချို သွေးတိုးဆေးတွေ၊ ဆီးချိုဆေးဆိုရင် ကုမ္ပဏီခွဲပဲရှိတယ်။ အရင်တုန်းက ကျပ် ၁,၀၀၀ နဲ့ ဝယ်ရတယ်၊ ခု ၂,၅၀၀ လောက် ပေးဝယ်ရတယ်။ ဆေးဆိုင်တော့ မပိတ်ဘူး။ သူတို့မှာ ကျန်တဲ့ဆေးတွေ ရောင်းပေးနေတယ်။ ကုန်သွားတဲ့ဆေးတော့ ဝယ်လို့မရဘူး၊ အသစ်တော့မလာဘူး။ ကားလမ်းတွေက ပိတ်ထားတာဆိုတော့။”

မိုးကုတ်မြို့မှာ ကိုယ်ဝန်ဆောင်အားဆေး၊ ဆီးချို၊ သွေးတိုးကျဆေးတွေ ပြတ်လပ်နေပြီး တခြားဆေးဝါးတွေလည်း အသစ်ထပ်မဝင်တာကြောင့် လက်ကျန်အနည်းငယ်သာကျန်ပြီး ပုံမှန် ကျပ် ၁၅,၀၀၀ တန်ဆေးကို ကျပ် ၂၀,၀၀၀ အထိ စျေးပေးဝယ်နေရပါတယ်။

မန္တလေးကနေ မိုးကုတ်ကို သွားလို့ရတဲ့လမ်းရှိ ဇက်ဆိပ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် နောင်ချိုလမ်းမှာလည်း စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်း ထိုးနေတာကြောင့် တခြားကုန်သယ်ယူပို့ဆောင်ဖို့ လမ်းအခက်ခဲ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013