
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်-မိုးကုတ်လမ်းပေါ်မှာ စစ်အာဏာရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဆက်ဖြစ်ပြီး စစ်တပ်ဘက်က အင်အား ထပ်တိုးလာနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အဲဒီလမ်းပေါ်က မြစ်ဆုံရွာ ၇ မိုင်အနီးမှာ အောက်တိုဘာ ၇ ရက်ကစလို့ တိုက်ပွဲတွေဖြစ်လာပြီး ဒီနေ့အထိ ဆက်ဖြစ်နေသလို မိုးမိတ်-တွင်းငယ်လမ်းကိုတော့ စစ်တပ်ဘက်က စစ်အင်အား တိုးလာတယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “လောလောဆယ်တော့ မိုးမိတ်-တွင်းငယ် လမ်းတကြောကိုတော့ စစ်တပ်ဘက်က အင်အားတိုးထားတဲ့ အခြေအနေပါ။ တိုက်ပွဲကတော့ နည်းနည်း၊ များများပေါ့ ဖြစ်နေတယ်။ အဓိကတော့ စစ်တပ်က မြစ်ဆုံဘက်ကို အင်အားတိုးတယ်။ ၇ မိုင်ဘက်ကို ရောက်တယ်ပေါ့။ လေကြောင်းတိုက်ခိုက်တာတော့ ငြိမ်နေတာ ၂ ရက်လောက်ရှိပြီ” လို့ DVB ကို ပြောပါတယ်။
စစ်အင်အားတိုးလာတဲ့ မိုးမိတ်-တွင်းငယ်လမ်းဟာ သပိတ်ကျင်းမြို့နယ်က တွင်းငယ်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့ကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ ကုန်းလမ်းမကြီး ဖြစ်ပါတယ်။
မိုးမိတ်ကနေ မြစ်ဆုံကိုသွားတဲ့ လမ်းမှာရှိတဲ့ ၇ မိုင်ရွာ(ကျောက်တောင်ရွာ)မှာ တိုက်ပွဲဖြစ်နေတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကလည်း မိုးမိတ်-တွင်းငယ်လမ်းမှာ တိုက်ပွဲ ၂ ရက်ဆက်တိုက် ဖြစ်ခဲ့သလို စစ်တပ်က ဆင်တဲကုန်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာ ၈ ရက်မှာလည်း မိုးမိတ်-တွင်းငယ်လမ်းပိုင်းက ဝဲဘောင်းကျေးရွာမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
မိုးမိတ်မြို့ကို ဝင်နိုင်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ မိုးမိတ်-မိုးကုတ်၊ မိုးမိတ်-တွင်းငယ်၊ မိုးမိတ်-မဘိမ်း လမ်းကြောင်းတို့ ရှိသလို ရွှေလီမြစ်နဲ့ ဆုံတဲ့နေရာကို မြစ်ဆုံရွာလို့ ခေါ်တာ ဖြစ်ပါတယ်။











