
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံလာတာကြောင့် ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၆ ရက် ညနေက မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်၊ နယ်မြေ ၁၊ ၂၊ ၇၊ ၈ နဲ့ မြို့မရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ဈေးဟောင်းရပ်ကွက် စတဲ့ရပ်ကွက်တွေထဲ ရုတ်တရက် ရေဝင်ရောက်လာတာကြောင့် အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးသူတယောက်က “မနက်ပိုင်းက မိုးတွေပဲရွာတယ်။ မိုးကအရမ်းများတော့ ရေတွေက တဟုန်ထိုးတက်လာတာ။ အိမ်တွေထဲ ရေတွေဝင်လာပြီး ဆက်နေလို့မရတဲ့ အခြေအနေမို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရတာ” လို့ ပြောပါတယ်။
နေအိမ်တွေ ရေဝင်နစ်မြုပ်မှုကြောင့် ဒေသခံတွေကို မိုးကုတ်မြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ကြတာလို့ သိရပါတယ်။
လတ်တလော ရေဘေးသင့် ဒေသခံတွေဟာ ရေဘေးလွတ်တဲ့ နီးစပ်ရာ မိသားစုတွေ၊ အသိမိတ်ဆွေတွေရဲ့ နေအိမ်တွေမှာ ယာယီနေထိုင်နေတယ်လို့ သိရပါတယ်။
ဩဂုတ် ၆ ရက် မနက်ကစတင်ပြီး မိုးကုတ်-မတ္တရာ-မန္တလေး လမ်းပိုင်း မိုင်တိုင်အမှတ် ၂၅ နဲ့ ၂၆ ကြားမှာ မိုးအဆက်ပြတ်ရွာသွန်းမှုနဲ့ တံငါချောင်းမကြီး ရေလျှံကျပြီး ကားလမ်းပေါ်ကို ရေကျော်တာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။










