
အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာနေရာဒေသအသီးသီးကို ထွက်ပြေးနေရပြီး လက်ရှိမှာဝါတွင်းကာလဖြစ်တဲ့အတွက် ရိုးရာအယူဆတွေကြောင့် ဧည့်သည် လက်မခံတဲ့အတွက် ဒုက္ခရောက်နေကြရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်တပ်တို့အကြား မြေပြင်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က မြို့အများအပြားကို လက်လွှတ်လိုက်ရပြီးနောက်ပိုင်း မြို့ရွာတွေ၊ စစ်ရှောင်စခန်းတွေနဲ့ ဆေးခန်းတွေကိုပါ လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာပါ။
ဒါပေမဲ့ ဘေးလွတ်ရာရွာတွေကို ရောက်သွားတဲ့အခါ ဝါတွင်းကာလဖြစ်လို့ အိမ်တည်းမခံဘူးဆိုတဲ့ ရှေးအယူအစွဲတွေကြောင့် စစ်ဘေးရှောင်တွေကို တည်းခွင့်မပေးတာ၊ လက်မခံတာတွေနဲ ကြုံနေရတယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။
စစ်ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ ဒေသခံတယောက်က “အသက်ဘေးကလွတ်အောင် ခက်ခက်ခဲခဲ ပြေးလာကြရတာပါ။ ဒါပေမဲ့ ရောက်တဲ့နေရာမှာ အိမ်တည်းခွင့်မရတာတွေ၊ လက်မခံချင်တာတွေကို ကြုံရတဲ့အခါ ပိုပြီး ဝမ်းနည်းစိတ်ပျက်ရပါတယ်” လို့ ပြောပါတယ်။
အခုလို ဒုက္ခရောက်နေတဲ့ စစ်ဘေးကာလမှာ အချင်းချင်းမကူညီဘဲ ဝါတွင်းအိမ်တည်းခွင့်မရှိဆိုတဲ့ အယူအဆတွေကို အစွဲပြုပြီး လက်မခံတဲ့အပေါ် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကြား အငြင်းပွားမှုတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတယောက်က ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၅ ရက်အထိ တပတ်အတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောနဲ့ သံတွဲမြို့နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ သံဃာတော်၊ စစ်ဘေးရှောင်နဲ့ ကျောင်းသူတွေ အပါအဝင် အရပ်သား ၆၁ ယောက် သေဆုံးခဲ့ပြီး ၉၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လက်ရှိမှာ စစ်တပ်က စစ်ရှောင်စခန်းတွေနဲ့ ရွာတွေကိုပါ ဗုံးကြဲနေတာကြောင့် အရပ်သား သေဆုံးသူ မြင့်တက်နေပြီး စစ်ရှောင်တွေ ပြေးစရာမြေမရှိအောင် ခက်ခဲနေကြရတယ်လို့ ဆိုပါတယ်။











