DVB Logo
Home
မြန်မာသတင်း
အကျဉ်းထောင်တွင်း သန့်ရှင်းမှုအားနည်းသဖြင့် အရေပြားရောဂါများ ခံစားနေရ
DVB
·
August 27, 2025
အကျဉ်းထောင်တွင်း သန့်ရှင်းမှုအားနည်းသဖြင့် အရေပြားရောဂါများ ခံစားနေရ
Donate to DVB

မြန်မာပြည်အနှံ့က အကျဉ်းထောင်တွေမှာ သန့်ရှင်းမှုအားနည်းပြီး လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ မရတဲ့အတွက် အရေပြားရောဂါတွေ အဖြစ်များနေတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေသူတွေဆီကနေ သိရပါတယ်။

နိုင်ငံတဝန်း အကျဉ်းထောင်တွေအတွင်းမှာ သန့်ရှင်းမှုအားနည်းတာနဲ့ ရောဂါဖြစ်လာရင် ဆေးဝါးကုသမှု မလုံလောက်တာတွေကြောင့် နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေက ယားနာဝေဒနာတွေ ခံစားနေကြရပြီး နာတာရှည် အရေပြားရောဂါအဖြစ်ပါ ကုသမှု ခံယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ထောင်တွင်းမှာက သန့်ရှင်းမှုအားနည်းတာကြောင့် ပွေး၊ ဝဲ စတဲ့ အရေပြားရောဂါကို ဆိုးဝါးစွာ ခံစားနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လက်ရှိ အကျဉ်းထောင်တွေ အတွင်းမှာတော့ နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်ဆိုတာ ကျမတို့ဘက်က အတည်ပြုပေးပါတယ်။ အကျဉ်းထောင်တွေတိုင်းမှာ ဖြစ်ပွားနေတယ်။ ဖြစ်ပွားမှုနှုန်း နည်းတာနဲ့ များတာပဲ ကွာခြားပါတယ်။ အရေပြားရောဂါတွေ ဖြစ်ပွားနေတာကတော့ အဓိက ပွေးတို့ ဝဲတို့ ဖြစ်ပွားနေတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းကတော့ ချိုးရေ မလုံလောက်တာတွေ၊ မသန့်ရှင်းတာတွေ၊ အိပ်တဲ့နေရာရော စားတဲ့နေရာရောက ဒီတနေရာတည်း ဖြစ်နေတဲ့အတွက်တွေ၊ ထားရှိတဲ့ အကျဉ်းခန်းနဲ့ ထားထားတဲ့အကျဉ်းသူ အရေအတွက်နဲ့က ဘယ်လိုမှ မမျှတဘဲ အရမ်းကျပ်တည်းပြီးတော့ တယောက်နဲ့တယောက် ကူးစက်လွယ်တဲ့ အခြေအနေတွေကြောင့် ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ခံစားနေရတာကို တွေ့ရတယ်ရှင့်။”

နေရာထိုင်ခင်းနဲ့ ရေမသန့်ရှင်းတာတွေကြောင့် အရင်ကတည်းက ယားနာတွေ အဖြစ်များနေတာဖြစ်ပြီး အခုလို မိုးတွင်းကာလမှာတော့ အရေပြားရောဂါ ကူးစက်မှုနှုန်းနဲ့ ဖြစ်ပွားမှုနှုန်းက ၇၀ ရာခိုင်နှုန်းထိ တိုးလာကြောင်း WOPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထောင်တွင်း အရေပြားရောဂါ ဖြစ်ပွားမှုက ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ကူးစက်ပျံ့နှံ့နေခဲ့တာဖြစ်ပြီး အခုမှာတော့ ပိုဆိုးဝါးလာကြောင်းလည်း သိရပါတယ်။

အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကို တခြားသော ရာဇဝတ်မှုကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေနဲ့အတူ ကျပ်ကျပ်တည်းတည်း ရောနှောထားရှိတာနဲ့ အရေပြားယားနာတွေ ဖြစ်ရင်လည်း လိမ်းဆေး အရည်တမျိုးကလွဲပြီး တခြား ကျန်းမာရေးစောင့်ရှောက်မှုတွေ မရရှိတဲ့အတွက် နာတာရှည် အရေပြားရောဂါအဖြစ် ခံစားခဲ့ရကြောင်း အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာတဲ့ နိုင်ကျဉ်းတယောက်ကလည်း  ပြန်ပြောပြပါတယ်။

“ကျနော် တသက်နဲ့တကိုယ်ဗျာ ပွေးဆိုတာ မပေါက်ဖူးဘူး။ အဲဒီအထဲရောက်မှ မြင်ဖူးတာ၊ ကိုယ်လည်း ပေါက်ဖူးတာ။ အထဲကထွက်လာပြီး ယနေ့အချိန်ထိကို အဲဒီပွေးက မပျောက်နိုင်ဘူး။ ထောင်ထဲမှာက သန့်ရှင်းမှုက မရှိဘူး။ ကိုယ့်ဘာသာကိုယ် သန့်ရှင်းမှုကို မနည်းလုပ်ဆောင်နေရတာ။ အကုန်လုံးက အဲဒီလိုပဲ ဗြဲလယန်းပဲ။ ရိုးရိုး criminal တွေနဲ့ အတူထားထားတာ။ အဲဒီ criminal တွေက အကုန် ပွေးတွေ ဝဲတွေနဲ့၊ တချို့ဆို ဝဲတောင်ပေါက်တယ်။ ထောင်အာဏာပိုင်တွေဘက်ကနေ တကိုယ်ရည်သန့်ရှင်းမှုကို ထောင်သန့်ရှင်းမှုတို့ လုပ်တဲ့အခါမှာ သူတို့ဘက်က ကြီးကြပ်မှုက အရမ်းအားနည်းတယ်ဗျ။ ခြင်ကိုက်လို့ ခြင်ဆေးဖျန်းပေးဖို့တောင် ကျနော်တို့ သူတို့ကို မနည်းပြောယူရတယ်။ အဲဒီအရေပြားရောဂါက တိုးဖို့များတယ်။ ဘယ်ယားနာပဲဖြစ်ဖြစ် ပွေးပေါက်ပေါက် ဝဲပေါက်ပေါက် ယားနာမှန်သမျှ အဲဒီတမျိုးပဲရှိတယ်၊ အရည်လေးတွေ။ ကျန်တဲ့ဆေး သူတို့မပေးဘူး။”

ထောင်တွင်းမှာ ဆေးဝါးကုသမှုတွေ ပေးရာမှာ ရက်လွန်ဆေးဝါးတွေသာမကဘဲ ၂ နှစ်အထိ လွန်တဲ့ ဆေးဝါးတွေကို ပေးတာ၊ မိသားစုက ပေးပို့တဲ့ ဆေးဝါးတွေမှာ ပုလင်းဆေးဝါးတွေ ပေးသွင်းခွင့်မပြုတာ၊ ထောင်ဝန်ထမ်းတွေ မသိတဲ့ ဆေးတွေကို အကျဉ်းထောင်ဆရာဝန်နဲ့ စစ်ဆေးတာမျိုး မလုပ်ဆောင်ဘဲ ထောင်တွင်းပေးသွင်းခွင့်မပြုတာ စတာတွေကြောင့် ရောဂါတွေ ဖြစ်တာ၊ ကူးစက်တာ ပိုဆိုးလာတာဖြစ်ကြောင်း WOPP က ဆိုထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013