
ယီမင်နိုင်ငံရဲ့ ရှေးအကျဆုံး ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာတွေထဲက တခုဖြစ်ပြီး ရှမ်စန်းတောင်မှာ ထွင်းထုထားတဲ့ ရှေးဟောင်း ရေလှောင်ကန် ကွန်ရက်ဖြစ်တဲ့ တွယ်လာ စစ္စတဲန်းကို ပညာရေး၊ ယဉ်ကျေးမှုနဲ့ သိပ္ပံပညာဆိုင်ရာ အာရပ်အဖွဲ့ချုပ် (ALECSO) က အာရပ်ဗိသုကာနဲ့ မြို့ပြအမွေအနှစ်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။
ALECSO ဟာ အာရပ်ကမ္ဘာက ပညာရေး၊ ယဉ်ကျေးမှုနဲ့ သိပ္ပံဆိုင်ရာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ တူနီးရှားအခြေစိုက် အဖွဲ့အစည်းတရပ်ပါ။
အာရပ်ကမ္ဘာရဲ့ ဗိသုကာနဲ့ မြို့ပြအမွေအနှစ်စာရင်းအတွက် ပထမအသုတ်မှာ တွယ်လာ စစ္စတဲန်းလို့ ခေါ်ပြီး ရှည်လျားတဲ့ ရေလှောင်ကန်လို့ အဓိပ္ပာယ်ရတဲ့ ရေလှောင်ကန် ကွန်ရက်တွေကို ဇူလိုင်လမှာ ထည့်သွင်း ကြေညာခဲ့ပါတယ်။
အေဒင်မြို့ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ရေကန်တွေဟာ မြို့တော်မှာ နေထိုင်သူတွေနဲ့ ဖြတ်သန်း သွားလာနေတဲ့ သင်္ဘောတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေပြီး ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ ရေစီမံခန့်ခွဲရေးမှာ ထက်မြက်မှုကို ရောင်ပြန်ဟပ်နေတယ်လို့ အေဒင်တက္ကသိုလ်က အစ္စလာမ့်ရှေးဟောင်းသုတေသနနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပါမောက္ခ ဟိုင်ဖာ မာကာဝီက ပြောပါတယ်။
သမိုင်းဝင်နေရာဟာ ဧည့်သည်တွေနဲ့ သုတေသီတွေကို ဆက်ပြီး ဆွဲဆောင်နေပါတယ်။ တချိန်က ၅ဝ ဝန်းကျင်ရှိတဲ့ ရေကန်တွေပါတဲ့ ကွန်ရက်မှာ ခုတော့ ရေလှောင်ကန် ၁၈ ခုအထိ ကျန်ရှိနေသေးတယ်လို့ မာကာဝီက ဆက်ပြောပါတယ်။
တွယ်လာ စစ္စတဲန်းဟာ အေဒင်မြို့နဲ့ ယီမင်နိုင်ငံရဲ့ အရေးအပါဆုံး အထင်ကရ နေရာတွေထဲက တခုလို့ မာကာဝီက ထပ်ပြောပါတယ်။
“ဒီရေလှောင်ကန်တွေရဲ့ အရေးပါမှုက ဒေသခံတွေနဲ့ သင်္ဘောတွေအတွက် ရေပေးဝေမှုရဲ့ အရေးပါမှုနဲ့ ဆက်စပ်နေပါတယ်။ မိုးသည်းရင် ရေကြီးရေလျှံမှုတွေကနေ မြို့ကို အကာအကွယ်ပေးတာကြောင့်လည်း အရေးကြီးတယ်။”
စုပေါင်းအားနဲ့ လက်ကျန် ရေကန်တွေမှာ စုစုပေါင်း ဂါလန် ၂၅ သန်းလောက် သိုလှောင်နိုင်တယ်လို့ မာကာဝီက ပြောပါတယ်။
မကြာသေးမီက ALECSO ရဲ့ အသိအမှတ်ပြုမှုဟာ ယဉ်ကျေးမှုဂုဏ်ယူမှုကို တွန်းအားပေးခဲ့ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရဖို့ မျှော်လင့်ထားပါတယ်။
Source: Reuters










