DVB Logo
Home
နိုင်ငံတကာ
အပစ်ရပ်သဘောတူညီချက်ကို အစ္စရေး လိုက်နာကြောင်း အာမခံရမည်ဟု ဟစ်ဇ်ဘိုလာ ပြော
DVB
·
August 26, 2025
အပစ်ရပ်သဘောတူညီချက်ကို အစ္စရေး လိုက်နာကြောင်း အာမခံရမည်ဟု ဟစ်ဇ်ဘိုလာ ပြော
Donate to DVB

လက်ဘနွန်အစိုးရဟာ အမျိုးသားကာကွယ်ရေးမဟာဗျူဟာ ဆွေးနွေးပွဲတွေကို မကျင်းပခင်မှာ နိုဝင်ဘာ ၂၇ ရက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက လိုက်နာကြောင်းကို အရင်ဦးဆုံး အာမခံရပေးမယ်လို့ ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအီးမ်ကက်ဆမ်က ဩဂုတ် ၂၅ ရက်မှာ ပြောပါတယ်။

အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ လက်နက်ဖြုတ်သိမ်းမှာကို ငြင်းဆိုတဲ့ အကြောင်းကိုလည်း ထပ်ပြီး အတည်ပြုလိုက်ပါတယ်။

ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအီးမ် ကက်ဆမ်က “ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းရေး အမေရိကန် အစီအစဉ်ကို လက်ဘနွန်အစိုးရအဖွဲ့ရဲ့ အတည်ပြုတဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စီရင်ချက်အောက်မှာပဲ ရှိတာပါ။ ဒီအစိုးရဟာ လက်ရှိပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင် လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဆိုတာ ယုံကြည်လို့မရပါဘူး” လို့ ပြောပါတယ်။

“ကျွန်ုပ်တို့ကို ဂုဏ်ရှိစေခဲ့တဲ့ လက်နက်ကို မစွန့်လွှတ်ပါဘူး။ ကျွန်ုပ်တို့ကို ရန်သူဆီက ကာကွယ်ပေးတဲ့ လက်နက်ကို စွန့်လွှတ်မှာလည်း မဟုတ်ပါဘူး။ အစ္စရေးက ကျွန်ုပ်တို့နိုင်ငံထဲမှာ ကျင်လည်လှုပ်ရှားပြီး တော်လှန်ရေးသမားတွေကို သတ်ဖြတ်ပြီးတော့ တောင်ပိုင်းကို သိမ်းယူဖို့ လုပ်နေတာကိုလည်း ခွင့်ပြုမှာမဟုတ်ဘူး” လို့လည်း နာအီးမ် ကက်ဆမ်က ဆိုပါတယ်။

“ရန်သူကို တိုင်းပြည်ကနေ နှင်ထုတ်၊ ရန်လိုမှုကို ရပ်လိုက်၊ အကျဉ်းသားတွေကို လွှတ်ပေးပြီး ပြန်လည်ထူထောင်ရေးတွေ စလုပ်မယ်။ ဒါ လမ်းပြမြေပုံပဲ။ အဲဒါပြီးမှ ကာကွယ်ရေးဗျူဟာကို လာဆွေးနွေးမယ်” လို့ နာအီးမ်ကက်ဆမ်က ပြောဆိုပါတယ်။

တနင်္လာနေ့က အစ္စရေးဟာ လက်ဘနွန်စစ်တပ်အနေနဲ့ အီရန် ကျောထောက်နောက်ခံ  ရှီးယိုက် စစ်သွေးကြွ ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းဖို့ လုပ်ဆောင်ခဲ့မယ်ဆိုရင် အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းက သူ့ရဲ့စစ်အင်အားကို လျှော့ချပစ်မယ်လို့ အချက်ပြခဲ့တာပါ။

ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းပြီး အစ္စရေးတပ်တွေကို လက်ဘနွန်ကနေ ဆုတ်ခွာမယ့် အစီအစဉ်မှာ အကြီးအကျယ် ပါဝင်နေတဲ့ အမေရိကန်သံတမန် တွမ်ဘားရက်ခ်နဲ့ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ တွေ့ဆုံပြီး နောက်တနေ့မှာ အစ္စရေး၀န်ကြီးချုပ်ရုံးက ကြေညာချက် ထွက်ပေါ်လာတာပါ။

အခုလမှာ လက်ဘနွန်အစိုးရအဖွဲ့ဟာ ဒီဇင်ဘာလအတွင်း သက်ဆိုင်ရာလက်နက်တွေကို အစိုးရ ထိန်းချုပ်မှုအောက်မှာ ထားရှိမယ့် အစီအစဉ်ကို ရေးဆွဲဖို့ စစ်တပ်ကို တာဝန်ပေးထားတာ ဖြစ်ပြီး ဟစ်ဇ်ဘိုလာအဖွဲ့အတွက် စိန်ခေါ်မှုတရပ်ဖြစ်နေတဲ့ လက်နက်ဖယ်ရှားရေးကိစ္စကို ဟစ်ဇ်ဘိုလာအဖွဲ့က ပယ်ချထားပါတယ်။

မနှစ်က အစ္စရေးနဲ့ စစ်ပွဲအပြီးမှာ အဖွဲ့ရဲ့ တိုက်ခိုက်ရေးသမား ၅,၀၀၀ နဲ့ ထိပ်တန်းအရာရှိအများစု သေဆုံးခဲ့ပြီးတော့ လက်ဘနွန်တောင်ပိုင်းမှာ အပျက်အစီးတွေ စုပုံခဲ့ပြီးနောက်မှာ ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းရေး တောင်းဆိုမှုတွေ မြင့်တက်လာတာပါ။

ဒါပေမဲ့ ဟစ်ဇ်ဘိုလာအုပ်စုက ဖိအားတွေကို ခုခံခဲ့ပြီး အစ္စရေးက သူ့ရဲ့တိုက်ခိုက်မှုတွေကို အဆုံးသတ်ပြီး လက်ဘနွန်တောင်ပိုင်းက သူ့တပ်ဖွဲ့တွေကို ရုပ်သိမ်းသွားချိန်အထိ သူ့လက်နက်တွေ စွန့်ပယ်ဖို့ကိစ္စကို ဆွေးနွေးဖို့ ငြင်းဆန်ထားပါတယ်။

အစ္စရေးစစ်တပ်ဟာ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေနဲ့ လက်နက်တွေ သိုလှောင်တဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတာလို့ ပြောနေရင်း လက်ဘနွန်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပုံမှန်ဆက်လုပ်နေတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013