
ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ တောင်လက်ဘနွန်မှာရှိတဲ့ အလီအယ်တာဟာတောင်ကျော မြေအောက် အဆောက်အအုံ တိုက်ခိုက်ခဲ့ပုံတွေကို အစ္စရေးစစ်တပ်က စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန် ပါတယ်။
အဲဒီဒေသမှာ လုံခြုံရေးဇုန်တခုဖြစ်အောင်လုပ်တဲ့ စစ်ဆင်ရေး ပြီးစီးခဲ့တယ်လို့လည်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်တို့က ပြောပါတယ်။
အလီအယ်တာဟာတောင်ကျောဟာ အစ္စရေးနယ်စပ်ကနေ ၁၀ မိုင်ရှည်လျားတဲ့ မြေအောက် အဆောက်အအုံဖြစ်ကာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြား နယ်မြေလုတဲ့ အဓိကနေရာလည်း ဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာတွေဟာ မြေအောက်မှာ စစ်ပွဲကြီးကြပ်ရေးစင်တာနဲ့ လက်နက်သိုလှောင်ရာ စခန်း အဖြစ် အသုံးပြုဖို့ တည်ဆောက်ထားတာဖြစ်မယ်လို့ ယုံကြည်ရတဲ့အကြောင်း လက်ဘနွန် လုံခြုံရေး က ရိုက်တာကို ဇူလိုင်လက ပြောခဲ့ဖူးပါတယ်။
လက်ဘနွန်အခြေစိုက်မီဒီယာ NNA က အဲဒီနေရာကို အစ္စရေးစစ်တပ်က ဖောက်ခွဲဖျက်ဆီးခဲ့ပြီး တုန်ခါမှုနဲ့ ပေါက်ကွဲသံတွေကို နဘာတီယာမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေကပါ ကြားခဲ့ရတယ်လို့ ဖော်ပြပါတယ်။
တောင်ကျောအပေါ်နဲ့ မြေအောက်မှာရှိတဲ့ အဆောက်အအုံတွေကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ ကြောင်းနဲ့ ဒီတိုက်ခိုက်မှုမှာ ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ တင့်ဖျက်ဒုံးကျည်တွေ၊ မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တမိုင်ကျော်အထိ အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။
ဟစ်ဇ်ဘိုလာတွေဟာ မြေအောက်အဆောက်အအုံတွေထဲမှာ ကွပ်ကဲရေးစင်တာတွေ၊ လက်နက် သိုလောင်တဲ့အခန်းတွေ၊ လူနေထိုင်ရာ အဆောက်အအုံတွေ ထားပြီး ရေရှည်တိုက်ပွဲဝင်နိုင်အောင် ဖန်တီးထားတယ်လို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်နေ့ ဘယ်အချိန်က တိုက်ခိုက်ခဲ့တယ်ဆိုတာတော့ မပါရှိဘဲ အစ္စရေးဟာ မတ် ၂ ရက်က စတင်ကာ လက်ဘနွန်တောင်ပိုင်းကို ထိုးစစ်ဆင်ခဲ့ပြီး နည်းဗျူဟာမျိုးစုံ သုံးခဲ့တာ ဖြစ်ပါတယ်။
ဒီတောင်ကျောဟာ အစ္စရေးရဲ့ စစ်ဆင်ရေးရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့တဲ့နေရာပဲ ဖြစ်ပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးတပ်တွေ ဆုတ်ခွာဖို့နဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်စွန့်ခိုင်းဖို့ အမေရိကန်က ဦးဆောင်ပြီး ဇွန်လ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဟစ်ဇ်ဘိုလာက လက်နက်စွန့်ဖို့ ငြင်းဆိုထားပြီး အစ္စရေးကလည်း လက်နက်မစွန့်ရင် တပ်တွေ မဆုတ်ခွာဘူးလို့ တုံ့ပြန်ခဲ့တာကြောင့် အဲဒီသဘောတူညီချက်ကလည်း အဖြေမထွက်ဘဲ ရပ်တန့်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်က အလီအယ်တာဟာကို တိုက်ခိုက်ခဲ့တဲ့ရုပ်သံတွေကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ရိုက်တာကတော့ နေရာအတိအကျကို အတည်မပြုသေးပါဘူး။
ဒီလိုဗွီဒီယိုမျိုး ၂၀၂၆ စက်တင်ဘာလအထိ ထွက်ပေါ်ခဲ့တာမျိုးတော့ မရှိသေးဘူးလို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
Source: Reuters











