
လက်ဘနွန်နဲ့ အစ္စရေးကြား ဆွေးနွေးညှိနှိုင်းမှုတွေမှာ အမြင့်ဆုံး ရောက်ရှိရမဲ့ အခြေအနေက “နှစ်ဖက်လုံး စိတ်ချရမဲ့ လုံခြုံရေးအခြေအနေ” ပဲ ဖြစ်ရမယ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် နာအီးမ်ကက်ဆမ်က ဇွန် ၁၇ ရက်မှာ ပြောပါတယ်။
ကက်ဆမ်က “အစ္စရေး ရန်သူနဲ့ ဆွေးနွေးတဲ့အခါ အမြင့်ဆုံး သတ်မှတ်ချက်က နှစ်ဖက်လုံးအတွက် အပြန်အလှန် စိတ်ချရမဲ့ လုံခြုံရေးကလွဲလို့ တခြား ဘာသတ်မှတ်ချက်မှ မရှိဘူး။ ပြီးတော့ လက်နက် ဖြုတ်သိမ်းရေး ခေါင်းစဉ်အောက်က ဘယ်လိုအစီအစဉ်မျိုးကိုမဆို ကျနော်တို့ လုံးဝ လက်ခံမှာ မဟုတ်ဘူး” လို့ ရုပ်သံကနေတဆင့် ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောပါတယ်။
အမေရိကန်က ကြားဝင်စေ့စပ်ပေးနေတဲ့ လက်ဘနွန်နဲ့ အစ္စရေးအကြား ဆွေးနွေးပွဲတွေမှာ သဘောတူထားတဲ့ စမ်းသပ်နယ်မြေ သတ်မှတ်ချက်တွေကို သူ့အဖွဲ့အနေနဲ့ လက်မခံဘူးလို့လည်း သူက ဆိုပါတယ်။
အမေရိကန်နဲ့ အီရန်အကြား ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးကိုပါ ထိခိုက်လာနိုင်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လက်ဘနွန်နိုင်ငံထဲကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ အသစ်တဖန် ပြန်လုပ် နေချိန်မှာပဲ သူက အခုလို ပြောလိုက်တာပါ။
အမေရိကန်-အီရန် သဘောတူညီချက်ရဲ့ အဓိက တောင်းဆိုချက်က လက်ဘနွန်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို အစ္စရေးက ဆက်လက် နှိမ်နင်းလိုတဲ့အပေါ် ကန့်သတ်ချက်တွေ မထားချင်တာကြောင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တို့အကြား အကြိမ်ကြိမ် သဘောထားကွဲလွဲ ငြင်းခုံခဲ့ကြပါတယ်။
ဇွန် ၁၄ ရက်က သဘောတူညီချက် ရရှိခဲ့ပြီးကတည်းက လက်ဘနွန်မှာ တိုက်ပွဲတွေ လျော့ကျ သွားပေမဲ့ လုံးဝ ရပ်တန့်သွားတာတော့ မဟုတ်ပါဘူး။
အဲဒီဆွေးနွေးပွဲတွေမှာ ပါဝင်ခြင်းမရှိခဲ့တဲ့ အစ္စရေးဘက်ကတော့ လိုအပ်ရင် စစ်အင်အားသုံးပိုင်ခွင့် သူတို့မှာ ရှိနေဆဲပဲလို့ ပြောထားပါတယ်။
Source: Reuters










