DVB Logo
Home
မြန်မာသတင်း
ပဲခူး ခမရ ၄၃၉ က စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်
DVB
·
August 25, 2025
ပဲခူး ခမရ ၄၃၉ က စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်
Donate to DVB

ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၄၃၉ က စစ်မှုထမ်းတပ်သား တယောက် သြဂုတ် ၁၃ ရက်က လက်နက်နဲ့အတူ နွေဦးစစ်သည်တော်များစစ်ကြောင်း Spring Warriors Column ထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဗထူးစစ်သင်တန်းကျောင်းကနေ စစ်မှုထမ်းအပတ်စဥ် ၈ သင်တန်းဆင်းလာသူဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် ရွှေမျောတခုမှာ အလုပ်လုပ်ရင်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာကြောင့် အလင်းဝင်လာတာလို့ Spring Warriors Column ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“သူက အလုပ်လုပ်ရင်း ပေါ်တာဆွဲခံရတာလေ။ သူ စိတ်ပါလို့ စစ်ထဲဝင်တာလည်း မဟုတ်တော့ ကျနော်တို့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်လာတာ။ သူထွက်လာဖို့ ကျနော်တို့ကို ဇူလိုင်လကုန်လောက်ကတည်းက ဆက်သွယ်ထားတာပါ။ သူ ထွက်ပြေးဖို့ အမြဲကြိုးစားပေမဲ့လည်း အခွင့်အရေး မရဘူးပေါ့။ ပြီး‌တော့ သူ အဲဒီမှာရှိနေတဲ့ အချိန်အတောအတွင်းမှာလည်း သင်တန်းသားအချင်းချင်း နိုင့်ထက်စီးနင်းလုပ်တာတွေ ရှိတယ်။ နောက်ပြီး သူတို့ စစ်သားအချင်းချင်း ပစ်သတ်ကြတဲ့အထိတောင် လုပ်ပြီး PDF က ပစ်သတ်တာပါ ဆိုပြီး ရွာထဲ သတင်းလွှင့်တာတွေလည်း ရှိတယ်ပေါ့။”

အလင်းဝင်ရောက်လာချိန်မှာ MA 11 သေနတ်တလက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည်ဆန် အနည်းငယ်လည်း ယူဆောင်လာနိုင်တာကြောင့် ငွေကျပ် ၁၀ သိန်းခန့် ချီးမြှင့်ထားတဲ့အပြင် တပ်ရင်းမှာပဲ ထားရှိပြီး ဆန္ဒရှိတဲ့အတိုင်း ကူညီလုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ် စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းကနေစလို့ ၂၀၂၅ ခုနှစ် သြဂုတ်လအထိ စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး Spring Warriors Column ထံ အလင်းဝင်ရောက်လာသူ ၄ ယောက်အထိ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို မနှစ်မြို့ဘဲ ပြည်သူ့ဘက် မျက်နှာမူပြီး အလင်းဝင်တဲ့သူတွေကိုလည်း လက်ကမ်းကြိုဆိုနေတယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013