DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျပြီး နေအိမ် ၃၀ ထက်မနည်း ရွှေ့ပြောင်း
DVB
·
August 25, 2025
ဧရာဝတီတိုင်းတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျပြီး နေအိမ် ၃၀ ထက်မနည်း ရွှေ့ပြောင်း
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှု ဖြစ်ပွားပြီး လူနေအိမ် အလုံး ၃၀ ထက်မနည်း အရေးပေါ် ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေနဲ့ သဘာဝဘေး ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲမှာ အခုနှစ် ဇူလိုင် ၁ ရက်ကနေ ၃၁ ရက်အထိ တိုး၊ ဧရာဝတီ၊ ငဝန်နဲ့ ငါးသိုင်းချောင်းမြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုဖြစ်ပွားကာ လူနေအိမ် ၃၀ ထက်မနည်း ကမ်းပြို ဘေးလွတ်တဲ့နေရာတွေကို ပြောင်းရွှေ့ခဲ့ရတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက သဘာဝဘေး ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တယောက်က “အိမ်တွေ ပြောင်းရွှေ့ရတာက ရုတ်တရက် ကမ်းပါးပြိုကျလာမှုကြောင့်ပါ။ တလအတွင်းကို လက်လှမ်းမီတဲ့ စာရင်းအရ အိမ်ခြေ ၃၀ လောက်ကို ရှိမယ်။ မြစ်ကမ်းအနီးက အိမ်တွေ အဓိက ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတာ” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်းမှာ ညောင်တုန်းမြို့နယ်က နေအိမ် ၆ လုံး၊ ဟင်္သာတမြို့နယ်က နေအိမ် ၁၁ လုံး၊ ဝါးခယ်မမြို့နယ်က နေအိမ် ၇ လုံး၊ ပန်းတနော်မြို့နယ်က နေအိမ် ၆ လုံး စုစုပေါင်း နေအိမ်အလုံး ၃၀ ထက်မနည်း ကမ်းပြို ဘေးလွတ်တဲ့နေရာတွေကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရတာလို့ သိရပါတယ်။

ညောင်တုန်းမြို့နယ်က သဘာဝဘေးဒဏ်သင့် ဒေသခံတယောက်က “ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားတဲ့ဒဏ်ကြောင့် ဒီနေ့အထိ ကမ်းပြိုကျမှု ဖြစ်ပွားနေတယ်။ ကမ်းပါးပြိုကျတဲ့အထဲ အိမ်တွေလည်း ပါသွားတာရှိတယ်။ ကိုယ်ထူကိုယ်ထနဲ့ ကာကွယ်ရေး လုပ်နေရတာ။ သက်ဆိုင်ရာက လာကိုမကြည့်တာ” လို့ ပြောပါတယ်။

အဲဒီလို ကမ်းပြိုကျမှုကြောင့် အရေးပေါ် နေအိမ်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ခြေ ၃၀ ထက်မနည်းက လူဦးရေ ၁၃၀ ကျော်အထိ သဘာဝဘေးဒဏ် ခံစားခဲ့ရပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီက အကူအညီပေးတာ ဒီနေ့အထိ မရရှိသေးဘူးလို့ ဆိုပါတယ်။

မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုတွေ ဖြစ်ပွားလာလို့ မိသားစုတွေရဲ့ နေအိမ်တွေ ပြောင်းရွှေ့ရသူတွေ ပိုင်ဆိုင်တဲ့ မြေကွက်လပ်တွေ၊ လူနေအိမ်တွေကို မဖြစ်မနေ ပြောင်းရွှေ့ခဲ့ရပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ သိရပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013