DVB Logo
Home
မြန်မာသတင်း
နောင်ပိန်တွင် စစ်တပ် ပစ်ခတ်သဖြင့် သေဆုံးသူအလောင်းကို ထုတ်မရသေးဘဲ မိသားစုများပါ ပိတ်မိနေ
DVB
·
August 24, 2025
နောင်ပိန်တွင် စစ်တပ် ပစ်ခတ်သဖြင့် သေဆုံးသူအလောင်းကို ထုတ်မရသေးဘဲ မိသားစုများပါ ပိတ်မိနေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာထဲကို ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းဟာ စစ်ဘေးမတိမ်းရှောင်နိုင်တဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၁ ယောက် နေရာတင်ပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီးအပါအဝင် မိသားစုဝင်တွေမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

သြဂုတ် ၂၃ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံ အသက် ၄၀ ကျော်အရွယ် ဦးစိုင်းစန်းလွင် သေဆုံးခဲ့ပါတယ်။

သူ့ရဲ့ အမျိုးသမီးနဲ့ မိသားစုဝင်တွေမှာလည်း ဒဏ်ရာအသီးသီး ရရှိထားတာကြောင့် စစ်ဘေးတိမ်းရှောင်ဖို့ ခက်ခဲနေပြီး ကလေးငယ် ၃ ယောက်၊ အသက် ၇၀ အရွယ် အဘိုးအို ၁ ယောက်နဲ့အတူ နေအိမ်မှာ ပိတ်မိနေတယ်လို့ ဆွေမျိုးနီးစပ်တော်သူတွေက ပြောပါတယ်။

ဆွေမျိုးနီးစပ်တော်သူတယောက်က “စစ်တပ်က ပစ်လို့ ယောကျ်ားဖြစ်သူက နေရာမှာတင် ပွဲချင်းပြီး ဆုံးတယ်။ အမျိုးသမီးက ပေါင်မှာ ဒဏ်ရာပြင်းထန်တယ်။ သမီးလေးက ချိုင်းမှာ ထိထားတယ်။ ဘကြီးဖြစ်သူက ခြေထောက်ထိထားတယ်။ ကလေးတွေကလည်း အရမ်းငယ်သေးတယ်။ စစ်ဘေးရှောင်ဖို့ ရွာပြင်ထွက်ဖို့ လူကြီးတွေက ဒဏ်ရာတွေ ရထားတော့ မထွက်နိုင်ဘူး။ အိမ်ထဲမှာပဲ ပိတ်မိနေတာ မနေ့နဲ့ ဒီနေ့ဆို ၂ ရက်ရှိပြီ” လို့ ပြောပါတယ်။

နောင်ပိန်ရွာထဲကို ထိုးစစ်ဆင်ရောက်ရှိလာတဲ့ စစ်ကြောင်းဟာ လူမှုကူညီရေးပရဟိတအဖွဲ့တွေကို ရွာထဲ ပေးမဝင်သေးလို့ အကြောင်းအမျိုးမျိုးနဲ့ ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေဟာ အကူအညီမရ ဖြစ်နေပါတယ်။

မနေ့က ပစ်ခတ်ခံရလို့ အသက်ဆုံးရှုံးခဲ့ရသူရဲ့ ရုပ်အလောင်းကိုလည်း လက်ရှိအချိန်ထိ နေအိမ်အတွင်းက သယ်မထုတ်ရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “စစ်တပ်က ဘယ်သူ့ကိုမှ ရွာထဲ ပေးမဝင်သေးဘူး။ ရွာထဲကလူတွေက စစ်ဘေးရှောင်ချင်လို့ ရွာပြင်ထွက်သွားချင်ရင်တော့ ပေးထွက်တယ်။ မနေ့က သေတဲ့သူရဲ့ ဘော်ဒီ(အလောင်း)က ဒီအတိုင်းပဲ အိမ်ထဲမှာပဲရှိသေးတယ်။ သေသူရဲ့ မိသားစုတွေလည်း အိမ်ထဲမှာပဲ။ ထမင်းလည်း မစားကြရသေးဘူးတဲ့။ ရွာပြင်က ရွာထဲဝင်ပြီး သွားကူမယ့်သူတွေကိုလည်း စစ်တပ်က ထိုင်ထ ၅၀ လုပ်ခိုင်းပြီး ပြန်မောင်းထုတ်တယ်။ ရွာထဲပေး မဝင်ခိုင်းဘူး” လို့ ပြောပါတယ်။

တအာင်းအမျိုးလွတ်မြောက်ရေးတပ် (PSLF/TNLA)နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာဘက်ကို အာဏာသိမ်းစစ်တပ်က သြဂုတ် ၁၉ ရက်နေ့က စတင်ပြီး ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ကျောက်မဲမြို့နဲ့ နောင်ပိန်ရွာက အရပ်သားပြည်သူတွေ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးစာရင်းဟာ နေ့စဉ် မြင့်တက်လာနေပါတယ်။

အခု သြဂုတ် ၂၀ ရက်နေ့က နောင်ပိန်ရွာထဲကို စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ဒေသခံအရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ၁၂ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013