DVB Logo
Home
မြန်မာသတင်း
ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရန် ကြိုးပမ်းသွားမည်ဟု NUCC ထုတ်ပြန်
DVB
·
August 23, 2025
ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရန် ကြိုးပမ်းသွားမည်ဟု NUCC ထုတ်ပြန်
Donate to DVB

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေး ရပ်တည်ချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ် ၂၃ ရက်နေ့ ဒီကနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး တော်လှန်ရေးရဲ့ အန္တိမပန်းတိုင်က စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ခြင်းဖြစ်တာကြောင့ ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်မှာ အခြေခံမူ ၈ ချက်နဲ့ နိုင်ငံရေးရပ်တည်ချက် ၁၀ ချက်ပါဝင်ပြီး အခြေခံမူ ဖော်ပြချက်တွေအရ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး Bottom-up Federalism ချဉ်းကပ်မှုနဲ့ တော်လှန်ရေးကာလ ကြားကာလက စတင်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်လျှောက်လှမ်းသွားမယ်လို့ ဆိုပါတယ်။

အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး Articles of Federal Transitional Arrangement (AFTA) လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေးကာလ အစီအမံဆိုင်ရာ အခြေခံဥပဒေ ကို အမြန်ဆုံး ရေးဆွဲအတည်ပြုပြဋ္ဌာန်းပြီး လွတ်မြောက်နယ်မြေတွေမှာ စတင်ကျင့်သုံးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ညီလာခံတရပ် ပြုလုပ်ကာ နယ်နိမိတ်သတ်မှတ်ရေး၊ ပြည်နယ်သစ် ဖွဲ့စည်းရေးအပါအဝင် နိုင်ငံရေး သဘောတူညီချက်များ ဆွေးနွေးချမှတ်မယ်လို့လည်း ပါရှိပါတယ်။

နောက်ပြီး တော်လှန်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်က ဦးဆောင်မှုနဲ့ ဆုံးဖြတ်ချက်ချတဲ့ ကဏ္ဍအသီးသီးမှာလည်း အမျိုးသမီးများအနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်မှု၊ ဂျန်ဒါတန်းတူရေး၊ မသန်စွမ်းသူတွေအတွက် barrier-free environment တည်ဆောက်ရေး၊ စတာတွေအတွက် မူဝါဒတွေ၊ ဥပဒေတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့လည်း‌ ဖော်ပြထားပါတယ်။

နိုင်ငံရေး ရပ်တည်ချက်ဖော်ပြချက်တွေမှာတော့ မြန်မာစစ်တပ်ရဲ့ ၂၀၂၁ အာဏာသိမ်းမှုကို တရားမဝင်အဖြစ် သတ်မှတ်ပြီး လုံးဝ ဆန့်ကျင်ကန့်ကွက်သလို အတုအယောင် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကန့်ကွက်တယ်လို့ ထုတ်ပြန်ထားပြီး တော်လှန်ရေး အလွန်ကာလ နိုင်ငံရေး ဦးဆောင်မှုမှာတော့ တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး အစုအဖွဲ့တွေရဲ့ စုပေါင်းပါဝင် ဦးဆောင်မှုနဲ့ နိုင်ငံသစ် တည်ဆောက်သွားဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အနာဂတ် နိုင်ငံရေးမှာ အရပ်သားပြည်သူ့အစိုးရစနစ် ဖော်ဆောင်မှာ ဖြစ်တဲ့အတွက် မည်သည့် လက်နက်ကိုင် စစ်တပ်ကိုမဆို အနာဂတ် အုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် မရှိစေရဘူးလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ တော်လှန်ရေးရဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်နဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUCC က ဆိုပါတယ်။ 

နောက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို နယ်စပ်ဖြတ်ကျော်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ကူညီဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

NUCC က ဒီနိုင်ငံရေး ရပ်တည်ချက်တွေကို နိုင်ငံတဝန်းက အင်အားစုအသီးသီးနဲ့  ဆွေးနွေး ညှိနှိုင်းပြီး တော်လှန်ရေးရဲ့ ဘုံနိုင်ငံရေး သဘောတူညီချက်တရပ် ရေးသားအတည်ပြုနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013