
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ တော်လှန်ရေးအင်အားစုတွေကို သပ်လျှိုသွေးခွဲဖို့ ရည်ရွယ်တဲ့ အတုအယောင် ဖိတ်ခေါ်မှုသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဧပြီ ၂၅ ရက်မှာ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီက ဇူလိုင် ၃၁ ရက်အထိ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာဟာ သူတို့အတွက် နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့နဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ NUCC က ထောက်ပြပါတယ်။
အထူးသဖြင့် စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ NCA လမ်းကြောင်းကို အခြေခံထားတာကြောင့် ဒါဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လုံးဝဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် NUCC အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကိုလည်း ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲမှာ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးတိုင်ဖျက်သိမ်းဖို့၊ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ထားရှိဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် “နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု မရှိမှသာ" လမ်းစပွင့်လာမှာဖြစ်ကြောင်းနဲ့ အကြမ်းဖက်စစ်အုပ်စု နိုင်ငံရေးဦးဆောင်မှုမှာ ရှိနေသရွေ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေမှာသာ ဖြစ်တယ်လို့ NUCC က ဆိုပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ NUCC က အလေးအနက် တိုက်တွန်းထားပါတယ်။










