
စစ်အာဏာရှင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဟာ အတုအယောင်သာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဧပြီ ၂၅ ရက် ဒီနေ့မှာ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
စစ်အုပ်စုအနေနဲ့ ဧပြီ ၂၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမဲ့ ဒီဖိတ်ခေါ်မှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ NCA လမ်းကြောင်းကို အသုံးချပြီး တော်လှန်ရေးအင်အားစုတွေကို သွေးခွဲဖို့ ရည်ရွယ်ထားတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို ဆွေးနွေးပွဲတွေဟာ စစ်အုပ်စုအတွက် နိုင်ငံရေးအရ တရားဝင်မှု ရရှိစေဖို့နဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကနေ လွတ်မြောက်ဖို့ ကြိုးပမ်းမှုလည်း ဖြစ်တယ်လို့ NUCC က ထောက်ပြ ထားပါတယ်။
NUCC အနေနဲ့ “စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး”၊ “ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး” အပါအဝင် နိုင်ငံရေးဦးတည်ချက် ၆ ရပ်အတိုင်း ဆက်လက် ရပ်တည် သွားမယ်လို့ ဆိုပါတယ်။
အဲဒီ ဦးတည်ချက်တွေထဲမှာ “စစ်တပ်ရဲ့ နိုင်ငံရေးပါဝင်မှု အဆုံးသတ်ရေး”၊ “၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းရေး” နဲ့ “ဖက်ဒရယ်ဖွဲ့စည်းပုံအသစ် တည်ဆောက်ရေး”တို့ ပါဝင်ပါတယ်။
ဒါ့အပြင် စစ်အုပ်စု ဦးဆောင်နေသရွေ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ပြည်သူလိုလားချက်တွေ မရနိုင်ဘဲ စစ်အာဏာရှင်စနစ်သာ ဆက်လက်တည်ရှိနေမယ်လို့ NUCC က သတိပေးထားပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘုံနိုင်ငံရေး သဘောတူညီချက်တွေကို စုစည်းပြီး ဆက်လက် တိုက်ပွဲဝင်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။
နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်သူနဲ့အတူ ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့ NUCC က ထုတ်ပြန်ထားပါတယ်။










