DVB Logo
Home
နိုင်ငံတကာ
တရားစွဲခဲ့သည့် Twitter ဝန်ထမ်းများနှင့် အီလွန်မတ်စ်ခ်ကြား​ ဒေါ်လာသန်း ၅၀၀ ဖြင့် အမှုကျေအေး
DVB
·
August 23, 2025
တရားစွဲခဲ့သည့် Twitter ဝန်ထမ်းများနှင့် အီလွန်မတ်စ်ခ်ကြား​ ဒေါ်လာသန်း ၅၀၀ ဖြင့် အမှုကျေအေး
Donate to DVB

Twitter အဖြစ် လူသိများခဲ့တဲ့ X ဆိုရှယ်မီဒီယာကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတွေက ပိုင်ရှင်ဖြစ်သူ အီလွန်မတ်စ်ခ်ကို တရားစွဲဆိုထားရာမှာ ဒေါ်လာ သန်း ၅၀၀ နဲ့ အမှုကျေအေးဖို့အတွက် အကြိုသဘောတူညီချက် ရရှိခဲ့ပါတယ်။

အဲဒီနောက် ဆန်ဖရန်စစ္စကိုပြည်နယ်က အယူခံတရားရုံးကို အမှုကြားနာမယ့်ရက် ရွှေ့ဆိုင်းပေးဖို့အတွက် နှစ်ဖက်စလုံး အနေနဲ့ တောင်းဆိုခဲ့ကြပါတယ်။

ဒါဟာ အမှုပြေငြိမ်းရေး သဘောတူညီချက် ရပြီဖြစ်ကြောင်း အသိပေးခဲ့တာ ဖြစ်သလို စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့အတွက် အချိန်ထပ်တောင်းခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက Twitter ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီးနောက် မတ်စ်ခ်ဟာ ကုန်ကျစရိတ်လျှော့ချတဲ့ အနေနဲ့ ဝန်ထမ်းဦးရေ ၆,၀၀၀ လောက် အလုပ်ဖြုတ်ခဲ့ပါတယ်။

အခုလိုမျိုး လုပ်သားအင်အား စုစုပေါင်းရဲ့ ထက်ဝက်ကျော်အထိ လျှော့ချခဲ့တဲ့အလျောက် မကျေနပ်တဲ့ ဝန်ထမ်းတချို့က အလုပ်ရပ်နားခံရမှုနဲ့ နစ်နာကြေးအတွက် X ကုမ္ပဏီကို တရားပြန်စွဲခဲ့ကြပါတယ်။

ဒါပေမဲ့လည်း သဘောတူညီချက်ထဲက အသေးစိတ် အချက်အလက်တွေကို မသိရသေးတဲ့အပြင် တရားရုံးရဲ့ အတည်ပြုချက်ပါ လိုအပ်ဦးမှာဖြစ်ပါတယ်။

Twitter အဖြစ် ရှိနေစဉ်မှာ ကုမ္ပဏီဘက်က အလုပ်ထုတ်ပယ်ခံ ဝန်ထမ်းတွေကို နစ်နာကြေးအဖြစ် တလစာသာ အများဆုံး ပေးအပ်ခဲ့ပြီး ဘာမှ​မရတဲ့သူတွေတောင် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် လုပ်ခ ၆ လစာ အပါအဝင် အခြားသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေပါ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။

Twitter ရဲ့ အစုအပြုံလိုက် အလုပ်ထုတ်ပယ်မှုက နည်းပညာကုမ္ပဏီတွေကြားမှာ အစောဆုံး ဖြစ်ခဲ့သလို သာမန် အောက်ခြေဝန်ထမ်းတွေချည်း အများဆုံး ပါဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ Facebook၊ Google နဲ့ Microsoft လိုမျိုး ကုမ္ပဏီကြီးတွေက ဝန်ထမ်းပေါင်း သောင်းနဲ့ချီပြီး အလုပ်ထုတ်ပယ်ကာ ကုန်ကျစရိတ် လျှော့ချခဲ့ပြန်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းမှာလည်း မတ်စ်ခ်က အစိုးရ အကျိုးထိရောက်မှုရှိရေး (DOGE) ဌာနကို လအတန်ကြာ ဦးဆောင်ပြီး အစိုးရအသုံးစရိတ်နဲ့ ဝန်ထမ်းအင်အားပါ လျှော့ချပေးခဲ့ပါတယ်။

Twitter မှာ အကောင်အထည်ဖော်ခဲ့တဲ့ ပုံစံအတိုင်း မတ်စ်ခ်ဟာ ဖက်ဒရယ်ဝန်ထမ်း ထောင်ပေါင်းများစွာကို ရာထူးကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013