DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ပြည်သူများအား သတ်ဖြတ်
DVB
·
August 22, 2025
ဖားကန့်တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ပြည်သူများအား သတ်ဖြတ်
Donate to DVB

စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်ပေမဲ့ စစ်ရေးအရ အရေးပါတဲ့ စခန်းတွေကို မရနိုင်သေးတာကြောင့် စစ်ကူအင်အားတွေ ထပ်ပို့ဆောင်နေပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်တပ်စစ်ကြောင်း ဝင်ရောက်သွားကတည်းကနေ စစ်တပ်တွေ နေရာယူထားတဲ့ ကျေးရွာ မှော်ဒေသတွေမှာ အရပ်သားပြည်သူတွေ မကြာခဏ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဩဂုတ် ၂၂ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မှော်ဆီစာကျေးရွာ လမ်းမကြီးပေါ် အထကကျောင်းအနီးရှိ စိန်ချိုကွမ်းယာဆိုင်ရှေ့မှာ အမျိုးသား ၂ ယောက် ပစ်သတ်ခံလိုက်ရတယ်လို့ ဖားကန့်ဒေသခံတယောက်က ပြောပါတယ်။

“ဒီမနက်ပိုင်း ၁၀ နာရီခွဲလောက်က မှော်စီစာ လမ်းမကြီးပေါ်မှာ အမျိုးသား ၂ ယောက် ပစ်သတ်ခံထားရတယ်။ နေ့လယ် ၂ နာရီလောက်မှာလည်း လုံးခင်းအဝင် ဆေးရုံကုန်းအောက်မှာ လက်နက်ကြီးကျ ပေါက်ကွဲခဲ့တယ်။ လယ်ပြင်ယမ်းချက်ကနေ ၂ နာရီလောက်မှာ ဖောကား ၂ စီးနဲ့ မှော်စီစာဘက် ထွက်လာတယ်လို့ ပြောကြတယ်။ ညနေပိုင်း ၃ နာရီလောက်မှာ အင်အား ၇၀ လောက် လုံးခင်းထဲ ဝင်လာပြီကြားတယ်။ မှော်စီစာမှာက လုံးခင်းအဝင် မျောက်ကုန်းရယ်၊ မှော်စီစာ ဘုရားကုန်းရယ်မှာ စကစတွေရှိတယ်။ ဖားကန့်မှာက နေ့တိုင်းတိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးပစ်တယ်၊ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ တောက်လျှောက်ဖြစ်နေတာ။ ခုရက်ပိုင်းက မိုးရွာတော့ လေယာဉ်မလာဘူး။ ရှေ့ရက်တွေက တောက်လျှောက် နေ့တိုင်းလာတယ်။”

စစ်တပ်စစ်ကြောင်း ဖားကန့် လုံးခင်းမြို့နယ်ထဲ ဝင်ရောက်လာကတည်းက စစ်ကြောင်းတလျှောက် ပစ်သတ်တာ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေကြောင့် ပြည်သူ ၇၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၃၀ ကျော်အထိ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြိုအနီးတဝိုက်မှာ KIA, KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်နဲ့အတူ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ၃ လနီးပါး ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်ကတော့ လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသတွင်း မော်မောင်းလျန်ကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ကြောင်းတကြောင်း၊ ဆွတ်ငိုင်ယန်ကနေ မော်ဝမ်းကလေးဘက်ကို စစ်ကြောင်းတကြောင်း၊ ဆွတ်ဘွမ်(အမှိက်ပုံ)ရွာကနေ ဖားကန့်သင်္ချိုင်းဘက်ကို စစ်ကြောင်းတကြောင်းနဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ရေးအရ အရေးပါတဲ့ မော်မောကုန်းနဲ့ လမောင်ကုန်းဘက်ကို တက်နိုင်ဖို့ ထိုးစစ်ဆင်နေကြတာပါ။

ဒါ့အပြင် စစ်တပ်က ဖားကန့်ကို ဦးတည်ပြီး မိုးကောင်း-ကားမိုင်းဘက်ကနေ အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းတက်လာတဲ့အတွက် ကားမိုင်း-နန့်ယား-ဖားကန့်သွား လမ်းပေါ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

မြစ်ကြီးနား-မိုးကောင်းဘက်ကနေ ဖားကန့်ကို တက်လို့ရတဲ့ ကားလမ်းမကြီးကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာကတည်းက စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ် နှစ်ဖက်စလုံးက လမ်းပိုင်းအားလုံးကို ပိတ်ဆိုခဲ့တာပါ။

အဲဒီနောက် ကားမိုင်း-ဖားကန့်လမ်းကို နှစ်ဖက်တပ်က ပြန်ဖွင့်လိုက်ပြီးနောက် ကားမိုင်း-မိုးကောင်းဘက်ကနေ အင်အား ၅၀၀ ခန့်ရှိတဲ့ စစ်ကြောင်းတခု ဩဂုတ် ၁၂ ရက်က ဖားကန့်ဘက်ကို ဦးတည်လာခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ KIA, KPDF ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ကြားကနေ နန့်ယားအကျော် နန့်တိန်းကို ဩဂုတ် ၂၁ ရက်က စစ်တပ်ရဲ့ စစ်ကြောင်းတချို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဖားကန့်ဒေသခံက “ကားမိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ စကစစစ်ကြောင်းတချို့ မနေ့က ၂၁ ရက်နေ့ အင်အား ၁၀၀ လောက် ထွက်လာကြပြီး မနေ့က နောက်ဆုံးသိရသလောက်က နန့်တိန်းအထိ ရောက်နေပြီပေါ့။ ဖားကန့်ဘက်နဲ့ နီးလာတဲ့သဘော။ အဲဒီစစ်ကြောင်း ဖားကန့်ထဲ ဝင်လာရင်တော့ ဖားကန့်မှာ စစ်ရေးပိုပြီး တင်းမာလာမယ့်သဘောရှိတယ်။ ဖားကန့်က ပြည်သူတွေကတော့ စိုးရိမ်နေကြတာပေါ့” လို့ ပြောပါတယ်။

လက်ရှိ ကားမိုင်း-နန့်ယား ကားလမ်းပိုင်းကို စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်စလုံးက သွားလာခွင့် ပေးထားပေမဲ့ စစ်ရေးအခြေအနေကို စောင့်ကြည့်ပြီး သွားလာနေရတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။

ဖားကန့်မြိုနယ်ထဲ စစ်တပ် စစ်ကြောင်း ဝင်ရောက်လာကတည်းက ကျေးရွာ ၁၀ ရွာကျော် စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေလည်း လိုအပ်နေကြပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလကုန်းပိုင်း လဝါး-ကားမိုင်း လမ်းကြောင်းကနေ စစ်ကြောင်းတွေ ထိုးဝင်ရောက်လာတဲ့ စစ်တပ်တွေက ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဝင်ရောက်လာတဲ့နောက်ပိုင်း စစ်တပ်နဲ့ KIA တပ်တွေကြား စစ်ရေး တဖန် တင်းမာနေတာ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013