
အီတလီရဲတပ်ဖွဲ့ဟာ နော့ဒ်စထရင်မ်း ရေအောက်ပိုက်လိုင်းတွေကို တိုက်ခိုက်ရာမှာ ပူးပေါင်းဆောင်ရွက်သူလို့ သံသယရှိတဲ့ ယူကရိန်းအမျိုးသားတယောက်ကို ဖမ်းဆီးခဲ့အပြီးမှာ ဂျာမန်တရားရေးဝန်ကြီး စတက်ဖန်နီ ဟူးဘစ်ဂ်ဟာ ယူကရိန်းနိုင်ငံအပေါ် ဂျာမနီရဲ့ ရပ်တည်မှုဆိုင်ရာ ကတိကဝတ်ကို သြဂုတ် ၂၁ ရက်က ထပ်မံအတည်ပြုခဲ့ပါတယ်။
တရားရေးဝန်ကြီး ဟူးဘစ်ဂ်က “ဂျာမနီနိုင်ငံဟာ ယူကရိန်းနဲ့အတူ ရပ်တည်နေပြီး ယူကရိန်းနဲ့အတူ ဆက်လက် ရပ်တည်သွားမှာပါ။ ဒါပေမဲ့လည်း ဂျာမနီနိုင်ငံဟာ တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး တရားစီရင်ပိုင်ခွင့် နယ်ပယ်အတွင်းမှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကိုလည်း စဉ်ဆက်မပြတ် စုံစမ်းစစ်ဆေးသွားမယ်” လို့ ပြောပါတယ်။
ဥရောပ ဖမ်းဝရမ်းအရ သံသယရှိသူကို အီတလီမှ ဂျာမနီကို လွှဲပြောင်းပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြပါဘူး။
ဆာဟီးကေလို့ ဖော်ပြထားတဲ့ သံသယရှိသူကို အီတလီနိုင်ငံ အာဒရီယာတစ် ကမ်းရိုးတန်းရှိ ရီမီနီပြည်နယ်မှာ ကာရာဘီနီရီအရာရှိတွေက ဖမ်းဆီးခဲ့ကြောင်း ဂျာမန်အစိုးရရှေ့နေတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အီတလီရဲတပ်ဖွဲ့ကတော့ ချက်ချင်း မှတ်ချက်မပေးပါဘူး။
၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ရုရှားကနေ ဥရောပကို ဓာတ်ငွေ့တွေ သယ်ဆောင်ပို့လွှတ်တဲ့ နောဒစ်ပိုက်လိုင်း ပြင်းပြင်းထန်ထန် ပျက်စီးသွားတဲ့ ပေါက်ကွဲမှုတွေကို ရုရှားနဲ့ အနောက်နိုင်ငံတွေက အဖျက်လုပ်ရပ်အဖြစ် ရှုမြင်ပြီး ပေါက်ကွဲမှုအတွက် တာဝန်ရှိကြောင်း ဘယ်သူကမှ မပြောကြပါဘူး။
ဆာဟီးကေလို့ ဖော်ပြထားတဲ့ သံသယရှိသူဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဒိန်းမတ်နိုင်ငံ ဘွန်းဟွမ်းကျွန်းအနီးရှိ နောဒစ်ပိုက်လိုင်းပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ စိုက်ထူတပ်ဆင်ခဲ့တဲ့ လူအုပ်စုထဲက တယောက်ဖြစ်ကြောင်း အစိုးရရှေ့နေရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆာဟီးကေကို ဖောက်ခွဲမှုကို ပူးပေါင်းကြံစည်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး ဖျက်လိုဖျက်ဆီးလုပ်မှုနဲ့ အဆောက်အဦတွေကို ဖျက်ဆီးမှုတွေအတွက် တရားစွဲဆိုထားပါတယ်။
Source: Reuters











