ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်း ပန်-အမေရိကန် အဝေးပြေးလမ်းမပေါ်က ကာဟီဘီယိုမြို့မှာ ဧပြီ ၂၅ ရက်က လူပေါင်း ၂၀ သေဆုံးပြီး ၃၈ ယောက် ဒဏ်ရာရခဲ့တဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်မှုကို ဦးဆောင်သူလို့ သံသယရှိသူ ဟိုဆေး အဲလက်စ်ဗီတွန်ကိုကို ဖမ်းဆီးရထားပြီလို့ သမ္မတ ဂူစတာဗို ပက်ထရိုနဲ့ အမျိုးသားရဲတပ်ဖွဲ့တို့က ဧပြီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
“ဂုဏ်သိက္ခာ စစ်ဆင်ရေး” ရဲ့ အစိတ်အပိုင်းအဖြစ် ရဲတပ်ဖွဲ့ဟာ FARC ခွဲထွက်အဖွဲ့ဖြစ်တဲ့ EMC ရဲ့ ဒါဂိုဘာတို ရာမို့စ်တပ်ခွဲခေါင်းဆောင်လို့ ယူဆရသူ ဟိုဆေးအဲလက်စ်ဗီတွန်ကို(ခ)ဒေးဗစ်(ခ) မီပက်ဇ်ကို ကိုလံဘီယာ အနောက်တောင်ပိုင်းရှိ ဘာယဲဒယ်ကောက်ကာပြည်နယ်ရဲ့ အနောက်ပိုင်း ပါလ်မီရာမြို့မှာ ဖမ်းမိခဲ့တာဖြစ်ပြီး ၉ မမ ပစ္စတိုတလက်နဲ့ ဆဲလ်ဖုန်း ၇ လုံးကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒေးဗစ်ဟာ အကြမ်းဖက်မှုနဲ့ အလိုရှိနေသူဖြစ်ပြီး ကိုလံဘီယာ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ အထူးသဖြင့် ဧပြီ ၂၅ ရက်က တိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူဟာ ပနားမားနဲ့ အမေရိကန်နိုင်ငံတွေအထိ လမ်းကြောင်းဖြန့်ထားတဲ့ အနောက်တောင်ပိုင်း မူးယစ်ဆေးဝါး ကုန်ကူးမှုလုပ်ငန်းရဲ့ အဓိက ကြိုးကိုင်သူလည်း ဖြစ်ပါတယ်။
အင်္ဂါနေ့မှာပဲ ကိုလံဘီယာ အဝေးပြေးလမ်းမပေါ်က ဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားရသူ ၁၁ ယောက်အတွက် နောက်ဆုံးနှုတ်ဆက်ခြင်း အခမ်းအနားကို မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ဝမ်းနည်းကြေကွဲစွာ ကျင်းပခဲ့ကြပါတယ်။
မှုခင်းဆေးပညာနဲ့ သိပ္ပံဌာနကလည်း သေဆုံးသူ ၂၀ ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတာ၊ ခွဲခြားအတည်ပြုတာနဲ့ မိသားစုဝင်တွေဆီ ပြန်လည်ပေးအပ်တာတွေကို ဧပြီ ၂၇ ရက်မှာ အပြီးသတ် ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၅ ရက် တိုက်ခိုက်မှုဟာ သမ္မတရွေးကောက်ပွဲ နီးကပ်နေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မကြာသေးမီ သီတင်းပတ်တွေအတွင်း အသေအပျောက်အများဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
Source: Reuters











