DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးကို မူဝါဒပြောင်းချဉ်းကပ်ရန် ဝါရှင်တန်ရှိ တရုတ်သံရုံးရှေ့၌ ဆန္ဒပြတိုက်တွန်း
DVB
·
August 22, 2025
မြန်မာ့အရေးကို မူဝါဒပြောင်းချဉ်းကပ်ရန် ဝါရှင်တန်ရှိ တရုတ်သံရုံးရှေ့၌ ဆန္ဒပြတိုက်တွန်း
1 / 13
Donate to DVB

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေအနေနဲ့ မြန်မာ့အရေးကို မူဝါဒပြောင်းပြီးချဉ်းကပ်ဖို့ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေးဆောင်ရွက်သူတွေက တိုက်တွန်းလိုက်ပါတယ်။

တရုတ်သမ္မတရှီကျင်းပင်ရဲ့ မြန်မာ့အရေးပေါ်ချဉ်းကပ်တဲ့မူဝါဒကိုပြုပြင်ပြီး တရုတ်ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေက နည်းလမ်းသစ်နဲ့ချဉ်းကပ်ဖို့  ဒေသစံတော်ချိန် ဩဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက တရုတ်သံရုံးရှေ့ကိုသွားရောက်ပြီး မြန်မာအရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်တာပါ။

Save Myanmar-USA အဖွဲ့မှ ဦးရင်အေးက “အဓိကကတော့ ကျနော်တို့ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေကို သတင်းစကားပေးတယ်ပေါ့နော်၊ ရှီကျင်းပင် ပေါ်လစီမှားနေတယ်၊ ရေရှည် နယ်စပ်စည်းမှာ တည်ငြိမ်မှုကိုလိုချင်တယ်ဆိုရင် စစ်ကောင်စီကိုထောက်ပံ့တာ ရပ်ကိုရပ်ရမယ်။ စစ်ကောင်စီကို ထောက်ပံ့တာမရပ်သရွေ့ ကျနော်တို့ပြည်သူလူထုရဲ့တော်လှန်ရေးဟာ ဘယ်တော့မှ မရပ်ဘူးဆိုတဲ့ သတင်းစကားကို ကျနော်တို့ ပြတ်ပြတ်သားသားပေးတယ်။ ဘယ်လိုပဲ တိုင်းရင်းသားအဖွဲ့တွေကို တဖွဲ့ချင်းခွဲပြီးတော့ ဖိအားပေးနေပါစေ ကျနော်တို့ရဲ့တော်လှန်ရေးကတော့ ဆက်သွားနေမှာပဲ။ ဒါ့အပြင်ကို နိုင်ငံရေးအရ ထောက်ပံ့ပေးနေ တာနော်၊ တရုတ်က အခုအတုအယောင်ရွေးကောက်ပွဲကို ထောက်ခံတယ်ပြောတယ်၊ ဒီလိုမျိုးအတုအယောင်လုပ်နေတဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးခြင်းသည် အခြေအနေကို ပိုဆိုးရွားအောင်လုပ်နေတာလို့ ကျနော်သတင်းစကားလာပေးတယ်။ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေအနေနဲ့ ရှီကျင်းပင်ရဲ့ခေါင်းဆောင်မှုကိုဖြုတ်ချပြီးတော့ ပေါ်လစီအသစ် ပြောင်းရမယ်။ လူမြင်ကွင်းမှာ ရှီကျင်းပင်မရှိတာကြာပြီဆိုတော့ သူတို့အနေနဲ့ ဒါတွေကိုလည်း အပြောင်းအလဲလုပ်နေတယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည်တယ်”လို့ ပြောပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းမှာစတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းမှာ တရုတ်အစိုးရက စစ်ကောင်စီဘက်ကနေ  ပေါ်ပေါ်ထင်ထင်ရပ်တည်လာခဲ့တာပါ။

၂၀၂၁ အာဏာစသိမ်းတုန်းက မှတ်ချက်တစုံတရာမပေးခဲ့တဲ့တရုတ်အစိုးရဟာ စစ်ကောင်စီ အရေးနိမ့်ချိန်မှာ ကြားဝင်ဖြန်ဖြေတာတွေပြုလုပ်ခဲ့ပြီး နိုင်ငံရေး၊ စစ်ရေးအရ ထောက်ပံ့တာတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၈၈မျိုးဆက်နိင်ငံရေးလှုပ်ရှားသူ  ဒေါ်အတာက “တရုတ်အစိုးရကိုပြောချင်တယ်၊ လူသားချင်းကို စာနာပါ၊ လူတွေကိုတန်ဖိုးထားပါ၊ လူသတ်လက်နက်တွေကို မြန်မာပြည်တွင်းထဲကပြည်သူတွေနဲ့ စမ်းသပ်နေတဲ့ဟာကိုလည်း ရပ်တန်းကရပ်ပါလို့။ တော်လှန်ရေးသမားတွေဆီမှာ အကုန်လုံးဒီဟာတွေက အထောက်အထားတွေရှိထားပြီးသားဆိုတော့ တနေ့နေ့တချိန်ချိန်မှာ ရုံးတော်ကိုတင်တဲ့အချိန်မှာ စစ်အစိုးရနဲ့အတူတူ မပါသွားချင်ပါနဲ့”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို တရုတ်အစိုးရကထောက်ခံထားသလို နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်လာဖို့လည်း အာဆီယံဒေသတွင်းနိုင်ငံတွေအပေါ် ဖိအားပေးတာတွေရှိခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာ့ပြည်တွင်းရေးမှာ တရုတ်အစိုးရဝင်ရောက် စွက်ဖက်တာတွေ ရပ်တန့်ဖို့ နိုင်ငံတကာရောက်မြန်မာတွေက သံရုံးတွေရှေ့မှာတိုက်တွန်း တောင်းဆိုတာ တွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ တရုတ်အစိုးရက လစ်လျူရှုထားခဲ့ ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013