အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ စပိုကိန်းဒေသတခုလုံးကို ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ဖြစ်စေခဲ့တဲ့ တောမီးလောင်မှုတွေနဲ့ ပတ်သက်ပြီး ပထမအဆင့် မီးရှို့မှု စွပ်စွဲချက်နဲ့ အသက် ၃၇ နှစ်အရွယ် အာရွန် ဖာရီနာချီကို စပိုကိန်းကောင်တီ အာဏာပိုင်တွေက သြဂုတ် ၃ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
ဒေသခံ မျက်မြင်သက်သေတယောက်ရဲ့ အရေးပါတဲ့ အသေးစိတ် သတင်းပို့ချက်ကြောင့် ဖာရီနာချီကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း စပိုကိန်းကောင်တီ ရဲမှူးကြီး ဂျွန် နိုဝယ်လ်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သက်သေဖြစ်သူဟာ လမ်းဘေးမြက်ပင်တွေနားမှာ ဖာရီနာချီကို မသင်္ကာဖွယ် ပုန်းလျှိုးကွယ်လျှိုး လုပ်နေကာ အရမ်းဂယောက်ဂယက်ဖြစ်ပြီး ထွက်ခွာသွားတာကို တွေ့ခဲ့တာပါ။
အိမ်ပြန်ရောက်ပြီး သိပ်မကြာခင် အဲဒီနေရာကနေ မီးခိုးတွေ ထွက်လာတာကို မြင်တာနဲ့ အခင်းဖြစ်နေရာကို ချက်ချင်းပြန်သွားပြီး လေယာဉ်ကုန်း ရဲအရာရှိဆီကို မီးရှို့သူရဲ့ ရုပ်ပုံနဲ့ ဝတ်စားဆင်ယင်ပုံတွေကို အသေးစိတ် သတင်းပေးခဲ့ပါတယ်။
အဲဒီအချက်အလက်ကို ဒေသတွင်း တာဝန်ကျနေတဲ့ တပ်ဖွဲ့ဝင်တွေဆီ ချက်ချင်း အကြောင်းကြားခဲ့ပေမဲ့ အဲဒီအချိန်မှာ မီးက အရှိန်နဲ့လောင်နေဆဲ အစောပိုင်းအဆင့်ပဲ ရှိသေးတာကြောင့် အရာရှိတွေနဲ့ ဒုရဲမှူးတွေဟာ လူ့အသက်ကို ဦးစားပေး ကယ်ဆယ်ဖို့အတွက် လူတွေကို ရွှေ့ပြောင်းပေးတာကိုပဲ ပထမဦးစားပေး လုပ်ဆောင်နေခဲ့ကြရတယ်လို့ စပိုကိန်းကောင်တီ ရဲမှူးကြီး ဂျွန် နိုဝယ်လ်စ်က ပြောပါတယ်။
အဲဒီနောက် ညနေ ၃ နာရီမှာ တရားသူကြီး ဇမ်ဘလန် ဆီက ဖမ်းဝရမ်းနဲ့ ရှာဖွေဝရမ်း ရယူကာ ညနေ ၅ နာရီမှာပဲ ဖာရီနာချီကို ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။
လက်ရှိမှာ သူ့ကို ခံဝန်အာမခံကြေး ဒေါ်လာ ၁ သန်း သတ်မှတ်ပြီး ပြစ်မှုကြီးများ စုံစမ်းစစ်ဆေးရေးဌာနက စစ်ဆေးမေးမြန်းနေပါတယ်။
ဖာရီနာချီဟာ အာရီဇိုးနားပြည်နယ်မှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ကျခံဖူးတဲ့ ရာဇဝတ်သားဟောင်း တယောက်လည်း ဖြစ်သလို အဲဒီအမှုမှာပဲ ကြိုတင်ကြံစည် လူသတ်ဖို့ ကြိုးစားမှုနဲ့လည်း အဓိက ဖမ်းဆီးခံခဲ့ရဖူးသူ ဖြစ်ပါတယ်။
Source: Reuters










