DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်တပ်က ရေကြောင်းစစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာ
DVB
·
August 22, 2025
ရခိုင်တွင် စစ်တပ်က ရေကြောင်းစစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာ
Donate to DVB

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း စစ်တပ်ဟာ ရခိုင်ဒေသဘက်မှာ ရေကြောင်း စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေတပ်က စစ်သင်္ဘောတွေဟာ မြို့ရွာတွေရဲ့ မလှမ်းမကမ်းကို တိုးကပ်လာတာတွေ၊ အစင်းရေ ပိုတိုးချတာတွေ လုပ်ဆောင်နေတယ်လို့ ပေါက်တောဒေသခံတယောက်က ပြောပါတယ်။

“အခု နေဗီတွေကို ရွာတွေကနေ အရင်ကထက် ပိုမြင်လာရတယ်။ အရင်ကဆို စစ်တွေ ရေပိုင်နက်ဘက်မှာပဲ နေဗီတွေ အသွားအလာလုပ်ကြတာ များပါတယ်။ အခုက ပေါက်တောဘက်ကို တိုးလာကြတယ်။ အစင်း ရေလည်း များလာတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်မှာပဲ စိုးရိမ်နေကြရတယ်။”

စစ်တပ်ရဲ့ ရေတပ်အင်အားစုတွေဟာ ရခိုင်က AA သိမ်းပိုက်ထားတဲ့ ကမ်းရိုးတန်းမြို့ရွာတွေရဲ့ အနီးဝန်းကျင်မှာ လှုပ်ရှားမှုတွေ လုပ်လာကြတာဖြစ်ပြီး ဒီလိုလှုပ်ရှားလာမှုတွေကြောင့် ဒေသခံတွေဟာ ထပ်မံစစ်ရှောင်ကြတာတွေ ရှိလာနေပါတယ်။

ဩဂုတ်လ ဒုတိယသီတင်းပတ်ထဲကလည်း စစ်သင်္ဘော‌တွေ လှုပ်ရှားမှုတွေကြောင့် ပုဏ္ဏားကျွန်းဒေသခံတချို့ ထပ်မံစစ်ရှောင်ခဲ့ကြရပါတယ်။

ရေတပ်စစ်င်္ဘောတွေဟာ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်ရဲ့ ပင်လယ်ရေပိုင်နက်ထဲကိုလည်း ရောက်ရှိနေကြပြီဖြစ်ပြီး အနီးတဝိုက် ကင်းလှည့်နေတယ်လို့ သံတွဲဒေသခံ‌တယောက်က ပြောပါတယ်။

“ခုတလော နေဗီတွေ သွားလာနေတာ မြင်‌နေရတယ်။ တိုက်ပွဲဖြစ်လို့ ပြန်ဆုတ်သွားကတည်းက ဒီဘက်ပင်လယ်ကြောမှာ နေဗီတွေမရှိ‌တော့တာ အခုပြန်ပြီး သံတွဲနယ်နိမိတ်ပင်လယ်ပြင်မှာ ရောက်နေကြတယ်။ ညဘက်တွေဆို ရွှေ့ပြီးကင်းလှည့်သလို သွားလာနေကြတယ်။" 

ပုဏ္ဏားကျွန်း၊ ပေါက်တော၊ သံတွဲအပြင် မောင်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ စစ်တွေမြို့တွေမှာလည်း ရေတပ်က ဆက်တိုက်လှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင် ၃၁ ရက်မှာ တိုင်းနဲ့ပြည်နယ် ၉ ခုထဲက မြို့နယ် ၆၃ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး အဲဒီမြို့နယ်တွေထဲမှာ တခြားတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့နယ်တွေနဲ့အတူ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေလည်း ပါဝင်နေပါတယ်။

အဲ့ဒီ‌‌စစ်အုပ်ချုပ်ရေး‌ကြေညာချက်နောက် စစ်တပ်က ရခိုင်မှာ ရေကြောင်းက‌နေ စစ်ရေးလှုပ်ရှားတာတွေ ဆက်တိုက်လုပ်‌ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013