DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် ဖမ်းဆီးခံ ထိုင်းကုန်ပစ္စည်းတင်ယာဉ် ၂၀၀  ခန့်အနက် ယာဉ်အချို့ ဒဏ်ငွေဆောင်ပြီး ထွက်ခွင့်ရ 
DVB
·
August 21, 2025
ဘားအံတွင် ဖမ်းဆီးခံ ထိုင်းကုန်ပစ္စည်းတင်ယာဉ် ၂၀၀  ခန့်အနက် ယာဉ်အချို့ ဒဏ်ငွေဆောင်ပြီး ထွက်ခွင့်ရ 
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ထိုင်းနိုင်ငံထုတ် ကုန်စည်တင်ယာဉ် အစီး ၂၀၀ နီးပါး ဖမ်းဆီးခံထားရတဲ့အထဲက တရားမဝင် ကုန်စည်အနည်းငယ်တင်ဆောင်လာတဲ့ ယာဉ်တချို့ ဒဏ်ငွေဆောင်ပြီး ထွက်ခွာခွင့်ရတယ်လို့  မြိုခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေး အရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားခဲ့ပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်လာပါတယ်။

နယ်စပ်လမ်းကြောင်းတွေအပြင် ရေကြောင်းကနေ ဝင်ရောက် လာမယ့် အချိုရည်၊ ငံပြာရည်၊ အမွှေးတိုင်၊ အုန်းနို့၊ ဆပ်ပြာ၊ သစ်သီးမျိုးစုံ အပါအဝင် ကုန်စည် ၃၅ မျိုးတည်းက အများစုကို ပိတ်ပင်ခဲ့ပါတယ်။

ဘားအံမြို့မှာ ကုန်စည်တင်ယာဉ်တွေကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းခွင့်မပြုဘဲ ကုန်စည်တင်ယာဉ်တွေအပြင် ကုန်လှောင်ရုံတွေအထိ လိုက်လံဖမ်းဆီးနေပါတယ်။

ဘားအံမြို့မှာ ဖမ်းဆီးခံထားရတဲ့ ကုန်စည်တင်ယာဉ်တွေထဲက  ဂျုတီနဲ့အတူ တရားမဝင် ကုန်စည်အနည်းငယ်တင်ဆောင်လာတဲ့ ယာဉ်တချို့ ဒဏ်ဆောင်ပြီး ထွက်ခွာခွင့်ရတယ်လို့ မြို့မိမြို့ဖတယောက်က ပြောပါတယ်။

“ဒဏ်ဆောင်ပြီး ထွက်တဲ့ဟာတွေလည်း ထွက်ကုန်ပြီ။ ပြီးခဲ့တဲ့ ၃ ၄ ရက်လောက်က သီရိကွင်းကိုဖြတ်တော့ ၄ ပုံ ၁ ပုံလောက်တော့ ထွက်သွားပြီ။ ထွက်သွားတာက ဂျူတီတော့များမယ်။ ခိုးထားတာနည်းမှာပေါ့ ပြောရရင်။ အဲဒါတွေက ဒဏ်ဆောင်ပြီး ထွက်သွားတယ်။ အများကြီးကျန်သေးတယ်။ တွဲကားတွေ ဘာတွေကော အများကြီးပဲ။ အစီးရေက ၁၀၀ ကျော်လောက်တော့ ရှိအုန်းမယ်။ အဲဒီဝန်းကျင်တော့ ရှိသေးတယ်။”

လက်ရှိမှာလည်း  ဩဂုတ် ၁၈ ရက်က မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ တံတားကို မြန်မာ ဘက်ခြမ်းက စတင်ပိတ်လိုက်တာကြောင့် ထိုင်းကုန်စည်တင်ယာဉ် ၆၀၀ ကျော်ဟာ ပိတ်မိနေပါတယ်။

စစ်ကောင်စီက အခွန်မူဝါဒ တင်းကျပ်ထားပြီး ကုန်သည်တွေအနေနဲ့ အခွန်ဆောင်မရတဲ့အတွက် ကြောင့် တရားမဝင်ကုန်သွယ်နေရပြီး တရားဝင်ကုန်သွယ်ခွင့်ရအောင် အခွန်မူဝါဒဖြေလျော့ပြီး လိုင်စင် ချပေးဖို့လိုတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

သွင်းကုန်လိုင်စင် လျှောက်ထားဆဲကာလမှာ ကုန်သွယ်ခွင့်ရအောင် ကုန်စည်တင်ယာဉ်တွေကို ဒဏ်ဂျူတီသဘောမျိုး အခွန်ဆောင်လွတ်ပေးသင့်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည် တယောက်က “အခုလက်ရှိက သူရဲ့မူဝါဒတွေ လျှော့ပေးသင့်တယ်။ နောက်ပြီးတော့ ဒီဘက်နယ်စပ်ကို လောလောဆယ် သူလိုင်စင်မချပေးနိုင်ရင်တောင် ဒဏ်ကြေးသဘောမျိုးနဲ့ အရင်ခေတ်တွေက ဒါမျိုးလုပ်ခဲ့ဘူးတယ်လေ။ ကား ၁ စီးဆိုရင် ဒဏ်ဂျုတီဘယ်လောက်ဆောင်ပေါ့။ အဲလိုပုံစံမျိုးနဲ့ အခွန်ဆောင်ခွင့် လွတ်ပေးတယ်ဆိုရင် ကုန်သည်တွေအနေနဲ့ စောစောရန်ကုန်ကို ကုန်သယ်လိုရတာပေါ့။  အစိုးရကို ပစ္စည်းဝိတ်အချိန်နဲ့ သိန်း ၁၀၀ ဆိုရင် သိန်း ၁၀၀။ အဲလို ဒဏ်ဂျူတီသဘောမျိုးနဲ့ ရန်ကုန်အထိ ကုန်ဆင်းခွင့်ပေးလိုက်တယ်ဆိုရင် ဒီကုန်တွေက နည်းနည်းလွယ်ကူတာပေါ့။  အခုလိုမျိုး နေပြည်တော်က လိုင်စင်ကို ဆောင်နေရတဲ့ အခါကျတော့ လိုင်စင်ကမကျလာနိုင်ဘူးလေ”လို့ ပြောပါတယ်။

နယ်စပ်ဒေသတွေမှာ တရားမဝင်ကုန်သွယ်မှုတွေကို တိုက်ဖျက်တာဟာ လက်နက်ကိုင်အကြမ်းဖက်မှုတွေကို လျော့ကျလာစေမှာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေ တရားမဝင်ကုန်စည်တင်သွင်းမှုတွေကနေဝင်ငွေရပြီး အင်အား တည်ဆောက်လာနိုင်တဲ့ အတွက် တရားမဝင်ကုန်သွယ်မှုတွေကို ထိထိရောက်ရောက်တိုက်ဖျက်သွားဖို့ စစ်ခေါင်းဆောင်က ဩဂုတ် ၁၂ ရက်က  ပြောထားပါတယ်။

 အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013