
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့လို့ ထိခိုက်ခဲ့တဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆူရင်းပြည်နယ်မှ နယ်မြေအခြေအနေကို လေ့လာကြည့်ရှုဖို့ သတင်းအဖွဲ့တွေနဲ့ အာဆီယံစစ်သံမှူးတွေဟာ ထိုင်းစစ်တပ်ရဲ့ဖိတ်ကြားချက်အရ သြဂုတ် ၂၀ ရက်က လာရောက်ခဲ့ကြပါတယ်။
အာဆီယံ လေ့လာသူတွေဟာ ၂ နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး တည်ငြိမ်ရေး အခြေအနေကို သေသေချာချာ အစီရင်ခံတင်ပြဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်း ထိုင်းနယ်စပ်ရှိ ပရယ်ဗီဟီယ ဘုရားကျောင်းကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မလေးရှားကာကွယ်ရေးသံမှူး ဗိုလ်မှူးကြီး နက်ဇ်လီဘင်အဗ္ဗဒူလ် ရာဟင်မ် ဦးဆောင်တဲ့ အာဆီယံ ယာယီစောင့်ကြည့်ရေးအဖွဲ့ (IOT) မှ ကိုယ်စားလှယ်တွေဟာ ကမ္ဘောဒီးယားစစ်သားတွေ စောင့်ကြပ်နေတဲ့ ဘုရားကျောင်း ပတ်ပတ်လည်မှ စစ်ကြောင့်ပျက်စီးသွားခဲ့တဲ့ နေရာအသီးသီးကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ထိုင်းစစ်တပ်ဟာ လာရောက်ကြည့်ရှုသူတွေကို မပေါက်ကွဲသေးတဲ့ လက်နက် (UXO) ကို ပြသခဲ့ပြီး အဲဒါတွေဟာ ဇူလိုင်လအတွင်း နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအပြီးမှာ စစ်တပ်က စုဆောင်း ရရှိထားတာ လို့ ဆိုပါတယ်။
ထိုင်းစစ်တပ်က ထိုင်းနိုင်ငံပိုင်နက်အတွင်းမှာ ကမ္ဘောဒီးယားက မြေမြှုပ်မိုင်း အဟောင်းရော အသစ်ရော လာအသုံးပြုနေတယ်လို့ စွပ်စွဲထားပြီး ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဲဒီစွဲချက်ကို ငြင်းဆိုထားပါတယ်။
တိပ်ပြားကြိုးတွေ ဝိုင်းပတ်ထားတဲ့နေရာနေရာမှာ တာဝန်ရှိသူတွေက သြဂုတ် ၁၂ ရက်က ကင်းလှည့်ပြီးနောက် ထိုင်းစစ်သားတယောက် မြေမြှုပ်မိုင်းပေါ် နင်းမိခဲ့တဲ့ နေရာကို ညွှန်ပြခဲ့ ပါတယ်။
ဒီဖြစ်ရပ်ဟာ ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြခဲ့တယ်လို့ ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်းန်ထိုင်းဆူဝရီးက ပြောပါတယ်။
ကိုယ်စားလှယ်အဖွဲ့ မရောက်လာခင်မှာပဲ နယ်မြေရှင်းလင်းရေး လုပ်နေတုန်းမှာ နောက်ထပ် မိုင်းတလုံးကို တွေ့ရှိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားပြီး ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘောဒီးယား BM-21 ဒုံးကျည်တစင်းကို ဖျက်ဆီးခဲ့ကြောင်းလည်း ဆိုပါတယ်။
သူတို့ဟာ စစ်လက်နက်ပစ္စည်းတွေကို ပြန်သယ်ယူပြီး တိုက်ပွဲကြောင့် ထိခိုက်ခံထားရတဲ့ဆေးရုံကို ပြန်ရွှေ့ပြောင်းတာတွေကို သရုပ်ပြ လုပ်ဆောင်ခဲ့ပါတယ်။
ထိုင်းစွဲချက်တွေကို ကမ္ဘောဒီးယားက ပယ်ချလိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ကမ္ဘောဒီးယားဟာ ဘယ်အခြေအနေမျိုးမှာမဆို မြေမြုပ်မိုင်းအသစ်တွေကို အသုံးပြုတာ၊ ထုတ်လုပ်တာ ဒါမှမဟုတ် ဖြန့်ချထားတာမျိုး လုံးဝမလုပ်ဖူးပါဘူး” လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
နယ်စပ်တလျှောက် မြေမြှုပ်မိုင်းအသစ်တွေ ထောင်ထားကြောင်း ထိုင်းဘက်မှ စွပ်စွဲပြောဆိုမှုတွေကို ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေးနဲ့ ထိခိုက်သူများ ကူညီစောင့်ရှောက်ရေး အာဏာပိုင်အဖွဲ့က ငြင်းဆိုထားပြီး လက်နက်တွေ သိုလှောင်ထားခြင်း မရှိသလို မြေမြှုပ်မိုင်းတွေ အသစ်ထောင်ထားခြင်း မရှိကြောင်းလည်း သြဂုတ် ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters











