DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးအနီး ငလျင် ၃ ကြိမ်လှုပ်
DVB
·
August 21, 2025
မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးအနီး ငလျင် ၃ ကြိမ်လှုပ်
Donate to DVB

ရန်ကုန်မြို့ရဲ့တောင်ဘက် မြန်မာ့ပင်လယ်ပြင်ထဲမှာ ဩဂုတ် ၂၀ ရက်ညက ငလျင် ၃ ကြိမ် လှုပ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၀ ရက်ည ၁၀ နာရီ ၃၅ မိနစ်လောက်က ရန်ကုန်တိုင်း၊ သုံးခွမြို့ရဲ့အရှေ့တောင်ဘက် ၆၃ ကီလိုမီတာအကွာ၊ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းအနီးမှာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ငလျင်တကြိမ်လှုပ်ခဲ့ပါတယ်။

ပြီးတော့ ည ၁၀ နာရီ ၄၉ မိနစ်လောက်မှာလည်း ရန်ကုန်တိုင်း၊ သုံးခွမြို့ရဲ့အရှေ့တောင်ဘက် ၆၈ ကီလိုမီတာအကွာ၊ မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းအနီးမှာ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်နောက်တကြိမ်ထပ်လှုပ်တယ်လို့ ဆိုပါတယ်။

အဲဒီည ၇ နာရီ ၁၆ မိနစ်လောက်ကလည်း မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းအနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး အင်အား ၅ ရစ်ချ်တာစကေး အဆင့်ရှိတဲ့ ငလျင်တကြိမ်လှုပ်ခတ်ခဲ့ပါသေးတယ်။

မြေငလျင်တိုင်းတာစက်တွေကအသုံးပြုတဲ့ စကေးနဲ့ တိုင်းတာတဲ့နည်းလမ်းတို့အပေါ်မူတည်လို့ ငလျင်အားပမာဏ နည်းနည်းကွာနိုင်တယ်လို့ဆိုပြီး ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးတာတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။

မိုးလေဝသပညာရှင်ဦးဝင်နိုင်ကလည်း ငလျင်ကို ကြိုပြီး မခန့်မှန်းနိုင်တာကြောင့် ကြိုတင် ပြင်ဆင်သင့်တာတွေ ပြင်ထားကြရမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ သတိပေးထားပါတယ်။

“ကြိုတင်မပြောနိုင်တာကြောင့် သတိထားပြီး ငလျင်များနဲ့ အတူတကွနေထိုင်တတ်ဖို့တော့ လိုတယ်။ အရေးကြီးစာရွက်စာတမ်းတို့ အရေးပေါ်ဆေးဝါးတို့ ပြင်ဖို့လိုတာတွေ ပြင်ထားရမယ်။ ကိုယ်က အိမ်ထောင်ဦးစီးဆိုရင် မိသားစုတွေနဲ့ ဘယ်နေရာမှာ ဘယ်လိုပြန်ဆုံကြမယ်ဆိုတဲ့ စုရပ် သတ်မှတ်ပေးထားရမယ်။ ကိုယ့်တည်နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေရှာတွေ့နိုင်အောင် ဝီစီလေးတွေ ဝယ်ထားဆောင်ထားရမယ်။ အဲသည်လောက်တော့ အခုမှမဟုတ်၊ ဟိုးအရင်ကတည်းကကို ပြင်ဆင်ထားဖို့လိုတယ်။ ကြောက်တယ် ကြောက်တယ်ဆိုပြီး အော်နေ၊ စိုးရိမ်နေလို့ ငလျင်က ရှောင်သွားမှာမဟုတ်ဘူး၊ ငလျင်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့က မိုးလေဝသထက် အဆပေါင်းများစွာ ပိုခက်ခဲတယ်။ ခုထိလည်း အချိန်၊ နေရာ၊ ပြင်းအား တိတိကျကျ ကြိုတင်ခန့်မှန်းနိုင်တာ မရှိသေးဘူး။ အဲဒီတော့ လှုပ်ချင်ရင် လှုပ်မယ်၊ မလှုပ်ချင်ရင် မလှုပ်ဘူး”

စိုးရိမ်ရလား ဆိုရင်တော့ အထပ်မြင့်တိုက်တွေ၊ တိုက်အိုတိုက်ဟောင်းတွေ သတိထားရမယ် လို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသဌာနကလည်း မြန်မာ့ပင်လယ်ပြင်၊ ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် ၂၃ မိုင်လောက်အကွာ မြန်မာ့ပင်လယ်ပြင်ထဲမှာ အနက် ၁၁၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာ စကေး ၄ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်ဒေသခံတော်တော်များများကတော့ ငလျင်ကို သိသိသာသာခံစားလိုက်ကြရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013