
ကိုလံဘီယာ မူးယစ်ဂိုဏ်းခေါင်းဆောင်တယောက်ဖြစ်တဲ့ ‘ချိုလို’ ဟာ စက်တင်ဘာ ၂၁ ရက်က စစ်ဆင်ရေးအတွင်း သေဆုံးသွားခဲ့ပြီးနောက်ပိုင်း သောင်းကျန်းမှုတွေ ဆက်တိုက် ဖြစ်ပွားလာတာကြောင့် သမ္မတ အာဘေလာဒိုဒေလာ အဲစ်ပရီယဲလ်ယာဟာ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ စန်တာမာတာကို စက်တင်ဘာ ၂၂ ရက်မှာ စစ်တပ်စေလွှတ်ပြီး ထိန်းချုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။
ဆီအဲရား နီဗာဒါ ဒေသကာကွယ်ရေးတပ်ဖွဲ့ (ASCN) အမည်ခံ အဖွဲ့က ဒုစရိုက်သမားတွေဟာ စန်တာမာတာမြို့တင်မကဘဲ ကာရစ်ဘီယံ ဒေသတခုလုံးနီးပါးကို မီးရှို့ဖျက်ဆီးဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ သမ္မတက လူမှုကွန်ရက် X မှာ ပို့စ်တင်ထားပါတယ်။
ကုန်သည်တွေ၊ ယာဉ်မောင်းတွေနဲ့ မြို့ခံတွေကို ခြိမ်းခြောက် အနိုင်ကျင့်တာတွေ လုပ်ဆောင်နေတာကြောင့် စန်တာမာတာမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အင်အားကို တိုးမြှင့်သွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အဲဒီအဖွဲ့ထဲက သံသယရှိသူ ၃ ယောက်ကို စန်တာမာတာမှာ ဖမ်းဆီးရမိခဲ့ပြီး ၂ ယောက်ကို ရီအိုအာချာမှာ ဖမ်းမိခဲ့တယ်လို့လည်း သမ္မတက ပြောပါတယ်။ အဖွဲ့ဝင် ၁၂ ယောက်လည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
သမ္မတက “အေးချမ်းစွာ လုပ်ကိုင်စားသောက်ချင်ကြတဲ့ ပြည်သူတွေကို ခြိမ်းခြောက်ခွင့်ပြုမှာ မဟုတ်ဘဲ ကျန်ရှိနေတဲ့ အဖွဲ့ဝင်တွေကိုလည်း နိုင်ငံတော် အဓိကအင်အားနဲ့ ဆက်လက်ဖမ်းဆီးနေပြီး လက်နက်မချ အဖမ်းမခံဘဲ ငြင်းဆန်သူ ဒုစရိုက်သမား မှန်သမျှကို ဥပဒေအတိုင်း အမြစ်ပြတ် ချေမှုန်းသွားမှာ ဖြစ်တယ်”လို့လည်း ပြောပါတယ်။
ACSN အဖွဲ့ဟာ စန်တာမာတာမြို့နားက ဆီအဲရား နီဗာဒါ တောင်တန်းဒေသတဝိုက်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ မူးယစ်ဆေးဝါး လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
ဒေသတွင်း သတင်းတွေမှာ ASCN အဖွဲ့ဟာ အင်္ဂါနေ့က ကုန်ကားတွေ၊ ဘတ်စ်ကားတွေကို မီးရှို့တာ၊ ပစ်ခတ်မှုတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်တာတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Source: Reuters











