
တူရကီနိုင်ငံအနောက်ပိုင်း၊ မူးလာပြည်နယ်အနီး ပင်လယ်ပြင်ထဲမှာ ဧပြီ ၁ ရက်က ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ စက်လှေတစင်း နစ်မြုပ်ခဲ့လို့ အနည်းဆုံး လူ ၁၈ ယောက် သေဆုံးသွားတယ်လို့ တူရကီ ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်ဆောင်နေပါတယ်။
ကမ်းခြေစောင့်တပ်အဆိုအရ အင်ဂျင်တပ်ထားတဲ့ အဲဒီစက်လှေကို ဘိုဒရမ်ဒေသ ကမ်းရိုးတန်းအနီး ဂရင်းနစ်စံတော်ချိန် ၃ နာရီလောက်မှာ တွေ့ရှိခဲ့ပြီး ရပ်တန့်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ လှေက မရပ်ဘဲ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီနောက် ရာသီဥတုဆိုးရွားပြီး လှိုင်းလေပြင်းထန်မှုကြောင့် လှေထဲကို ရေတွေဝင်ပြီး နစ်မြုပ်သွားခဲ့တာလို့ ဆိုပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ရှာဖွေကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်တစင်းနဲ့ ကယ်ဆယ်ရေးလှေ ၃ စင်းကို အခင်းဖြစ်ရာနေရာကို စေလွှတ်ခဲ့ပြီး လက်ရှိအချိန်ထိ လူ ၂၁ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စက်လှေက ဘယ်နေရာက ထွက်လာတာ၊ ဘယ်ကိုသွားမလဲ ဆိုတာကိုတော့ မဖော်ပြထားပါဘူး။ အယ်ဂျီယန်ပင်လယ်ဟာ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကနေ ဥရောပကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အများအပြား သွားလာတဲ့ လမ်းကြောင်းတခုဖြစ်ပြီး တူရကီနိုင်ငံမှာလည်း ဆီးရီးယား၊ အီရတ်နဲ့ အာဖဂန်နစ္စတန်က ထွက်ပြေးလာသူတွေ သန်းနဲ့ချီ လက်ခံထားပါတယ်။
Source: Reuters










