
ဟူသီအဖွဲ့က ယီမင် ပင်လယ်နီကမ်းရိုးတန်းကို သိမ်းယူလိုက်တာက ပင်လယ်ကွေ့ဒေသ အာဏာချိန်ခွင်ကို ဘယ်လောက်အထိ ပြောင်းလဲသွားစေမလဲဆိုတာမေးခွန်းထုတ်လာကြပါတယ်။
အီရန်အတွက် အားသာချက်ရသွားချိန်မှာ ဆော်ဒီအာရေဗျနဲ့ အိမ်နီးချင်းနိုင်ငံတွေက ထိခိုက်ကုန်ကျမှုတွေကို လက်ခံမလား၊ ဒါမှမဟုတ် တီဟီရန်နဲ့ ညှိနှိုင်းမလားဆိုတဲ့ ခက်ခဲတဲ့ ရွေးချယ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
ဟူသီအဖွဲ့ဟာ ကမ္ဘာ့အရေးအကြီးဆုံး သင်္ဘောလမ်းကြောင်းတခုဖြစ်တဲ့ ဘာ့ဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားကို စောင့်ကြည့်ထိန်းချုပ်နိုင်တဲ့ နေရာတွေကို ရယူထားပါတယ်။
ဒါကြောင့် အီရန်က ဟော်မုဇ် ရေလက်ကြားမှာ ဖိအားပေးနေချိန် ဟူသီတွေက ပင်လယ်နီဘက်မှာပါ ဒုတိယဖိအားပေးရာနေရာတခု ဖန်တီးနိုင်လာပါတယ်။
ဟော်မုဇ်လမ်းကြောင်း ပိတ်ဆို့ခံထားရလို့ ဆော်ဒီအာရေဗျက ရေနံအများစုကို ပင်လယ်နီဘက်ကနေ လွှဲပို့ခဲ့ပေမဲ့ တိုက်ခိုက်ခံရပြီးနောက် အဓိက ရေနံပိုက်လိုင်းတခုကိုလည်း ပိတ်ထားရပါတယ်။
အရှေ့အလယ်ပိုင်းလေ့လာသူ ဖာဝပ်ဇ် ဂါဂျစ်က “ဘာ့ဘ်အယ်လ်မန်ဒက်ဘ် အနီးက မဟာဗျူဟာကျ ကျွန်းတွေကို ဟူသီတွေ သိမ်းယူလိုက်တာဟာ အခြေအနေတခုလုံးကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ပါ” လို့ ပြောပါတယ်။
ဒီအခြေအနေကြောင့် ဆော်ဒီအာရေဗျ၊ ပင်လယ်ကွေ့နိုင်ငံတွေ၊ အမေရိကန်နဲ့ ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ဟူသီအဖွဲ့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဖိအားပေးနိုင်စွမ်း ပိုကြီးလာတယ်လို့ သူက ဆိုပါတယ်။
ဆော်ဒီဘက်က ဟူသီအဖွဲ့အား တိုက်ခိုက်ပေးဖို့ တောင်းဆိုမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မခံခဲ့တာကြောင့် အီရန်နဲ့ ဆွေးနွေးရေးဟာ ရွေးချယ်စရာမဟုတ်တော့ဘဲ ကိုယ့်အကျိုးစီးပွားကာကွယ်ဖို့ လိုအပ်လာတယ်ဆိုတဲ့ အမြင် ပင်လယ်ကွေ့နိုင်ငံတချို့မှာ အားကောင်းလာပါတယ်။
ဟော်မုဇ် ရေလက်ကြား သင်္ဘောသွားလာရေး ယာယီအစီအစဉ်ဆွေးနွေးဖို့ စက်တင်ဘာ ၁၄ ရက် အိုမန်နိုင်ငံမှာ ကျင်းပမဲ့ အီရန်နဲ့ ပင်လယ်ကွေ့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကိုလည်း သဘောတူညီမှု မရသေးတာကြောင့် ရွှေ့ဆိုင်းထားပါတယ်။
အိုမန်နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အယ်ဘူဆိုက်ဒီကတော့ အားလုံးသဘောတူညီမှု ရရှိစေဖို့အတွက် အစည်းအဝေးကို ရွှေ့ဆိုင်းတာဖြစ်ပြီး ဒေသတည်ငြိမ်ရေးအတွက် ဆွေးနွေးမှုကို ဆက်လုပ်မယ်လို့ ပြောပါတယ်။
လေ့လာသူတွေကတော့ ဒီအကျပ်အတည်းကြောင့် ပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ အမေရိကန်အပေါ်ပဲ အားထားတဲ့ လုံခြုံရေးမူဝါဒကနေ အီရန်နဲ့ တိုက်ရိုက်ညှိနှိုင်းတဲ့ လမ်းကြောင်းတခုကိုပါ စဉ်းစားလာစေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။











