DVB Logo
Home
မြန်မာသတင်း
ဖားကန့်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်  KIA တို့ တိုက်ပွဲပြင်းထန် 
DVB
·
August 20, 2025
ဖားကန့်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်  KIA တို့ တိုက်ပွဲပြင်းထန် 
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်ဒေသကို ဦးတည်ပြီး စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လမ်းကြောင်းတလျှောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ခုခံတိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်ဖြစ်နေ ပါတယ်။ 

ဖားကန့်လမ်းကို စစ်တပ်က ပြန်လည်ဖွင့်ပေးလိုက်တဲ့နောက် ကားမိုင်း၊ မိုးကောင်းဘက်ကနေ အင်အား ၅၀၀ လောက်ရှိတဲ့ စစ်ကြောင်းတခု နန့်ယားကျေးရွာ မရောက်ခင် တမိုင်ကျော်ခန့်အကွာက လဂတ်ကောင့်ရွာနဲ့ အွမ်ကထောင်ဘက်ကို ရောက်ရှိလာပြီး နန့်ယားကျေးရွာဘက်ကို စစ်ကြောင်းထွက်ခွာဖို့ ကြိုးပမ်းနေတဲ့အတွက် လမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေတာ တပတ်လောက်ရှိလာပြီလို့ ဒေသခံက ပြောပါတယ်။

KIA နဲ့ နီးစပ်တဲ့ နန့်ယားရွာသားတယောက်က “ဖားကန့်လမ်းကို စစ်တပ်က ပြန်ဖွင့်ပေးလိုက်တဲ့နောက် ပြောရရင် မိုးကောင်းမြို့နယ် ကားမိုင်းဘက်ကနေ အင်အား ၃၀၀နဲ့ ၅၀၀ ကြားရှိမယ်။ နန့်ယား မရောက်ခင် တမိုင်ကျော်က လဂတ်ကောင့်နဲ့ အွမ့်ကထောင်ကို ရောက်လာတာ။ အဲ့မှာ KIA က ခုခံတိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေပေါ့။ သူတို့က အဲ့ဒီ လဂတ်ကောင့်နဲ့ အွမ့်ကထောင်ကနေ နန့်ယားဘက်ကို စစ်ကြောင်းထွက်ဖို့ လုပ်နေတာပေါ့။ အခြေအနေကတော့ သေချာမသိရသေးဘူး။ တင်းမာနေတဲ့ အခြေအနေပဲ၊ နန့်ယားကျော်လာပြီလည်း ပြောကြတယ်။ အသေးစိတ်မသိရသေးဘူး”လို့ ပြောပါတယ်။

ကားမိုင်း – မအူပင် ကျေးရွာအထက် အွမ့်ကထောင့်နဲ့ လဂတ်ကောင့်တလျှောက်မှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းတွေက ဩဂုတ် ၁၂ ရက်နေ့ ကားမိုင်း၊ မိုးကောင်းမြို့ ဘက်ကနေ စစ်ကြောင်းထိုး တက်လာခဲ့ကြတာဖြစ်ပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။  

စစ်ကြောင်းထပ်တက်လာတဲ့ အဖွဲ့မှာ စစ်အင်အား ၃၀၀ နဲ့ ၅၀၀ ကြားရှိပြီး အဲဒီစစ်ကြောင်းထဲမှာ စစ်ကောင်စီတပ်သားတွေထက် ဝါရာဇွပ်ပြည်သူ့စစ်၊ မိုင်းကာင်းပြည်သူ့စစ်နဲ့ ကားမိုင်းပြည်သူ့စစ်တို့ အများအပြားပါဝင်တယ်လို့ သိရပါတယ်။

မြစ်ကြီးနား –  မိုးကောင်းဘက်ကနေ ဖားကန့်ကိုတက်လို့ရတဲ့ ကားလမ်းမကြီးကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာကတည်းက စစ်ကောင်စီတပ်နဲ့ KIA တပ် နှစ်ဖက်စလုံးက လမ်းပိုင်းအားလုံးကို ပိတ်ဆို့ခဲ့တာပါ။ 

အဲဒီနောက် ကားမိုင်း – ဖားကန့်လမ်းကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပိတ်ထားတဲ့ လမ်းပိုင်းနေရာတချို့ ရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီး ကားမိုင်း– မအူပင်ကျေးရွာအကျော် အွမ်ကထောင်ကျေးရွာကနေ နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ နန့်တိန့် အနီးတဝိုက်အထိ လမ်းကြောင်းအားလုံးကို ဇူလိုင် ၁၆ ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။

စစ်တပ်ကတော့ သူတို့ထိန်းချုပ်ထားတဲ့ ကားမိုင်း – မအူပင် စစ်တပ်ဂိတ်နဲ့ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံ စစ်တပ်ဂိတ်နေရာတွေမှာ ဩဂုတ် ၂ ရက်က ဖွင့်ပေးလိုက်ပြီး ကုန်ပစ္စည်းတင်တဲ့ ကုန်ကားတချို့ ဖားကန့်ထဲကို ဝင်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကားမိုင်း – နန့်ယားကားလမ်းပိုင်းကို စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက် စလုံးက သွားလာခွင့်ပေးထားပေမဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ရှိတဲ့ နေရာတွေမှာ ကားသမားနဲ့ ခရီးသည်ပြည်သူတွေကို ခြိမ်းခြောက်ပြောဆိုပြီး စစ်ဆေးနေတယ်လို့ ဒေသခံက ဆိုပါတယ်။

“စစ်တပ်က လမ်းပြန်ဖွင့်ပေးလိုက်ပေမဲ့ ဆန်၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးတွေတော့ သယ်ခွင့်မပေးထားသေးဘူး။ နန့်ယားမှာက KIA ဘက်က ဂိတ်ထိုင်တယ်။ စကစဘက်ကတော့ စကစ ဆိုတာထက် ပြည်သူ့စစ်တွေပါ။ အကုန်လုံးကို စစ်တာ။ လမ်းကတော့ ၁၂ ရက်နေ့ကတည်းက အခြေအနေက တင်းမာနေတော့ ခက်ခက်ခဲခဲပဲ ဖွင့်လိုက်ပိတ်လိုက် သွားရတာပဲ။”

ပြီးခဲ့တဲ့ ဧပြီလကတည်းကနေ စစ်တပ်က ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို အသုံးပြုပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာ ၃ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

ဧပြီလမှာ တက်လာတဲ့ စစ်ကြောင်းတွေက ဖားကန့်ထဲကို ရောက်ရှိသွားပြီး ကျောက်စိမ်းမှော်အသီးသီးက လုပ်ကွက်နေရာတွေမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် အရပ်သားပြည်သူသတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။

နောက်ထပ် ဇူလိုင်လမှာ ပြန်တက်လာတဲ့ စစ်ကြောင်းတွေကလည်း ဖားကန့်ဒေသထဲက လုံးခင်း၊ မှော်ဆီစာ၊ ကုဋေမှော်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး၊ မော်မောလယန်၊ ရှရော်ခ စတဲ့ ကျေးရွာအသီးသီးမှာ စစ်အင်အားတိုးချဲ့နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်က ဖားကန့်ဒေသမှာ လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို ပြန်ရဖို့ စစ်အင်အားအလုံးအရင်းနဲ့ စစ်မျက်နှာပြင် ၃ နေရာလောက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အခုဆိုရင် ဖားကန့် တိုက်ပွဲ ၃ လကျော် ကြာမြင့်လာခဲ့ပါပြီ။

ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းတလျှောက်မှာ ဧပြီလကတည်းကနေ စစ်တပ်က တကျော့ပြန် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် ဖားကန့်သွားလမ်းမပေါ် ရှိတဲ့ နန့်ယား၊ ဆိုင်းဖရာ၊ တံတားညီနောင်၊ ပျားအုံ၊ ကပ်မှော် ၊ နန့်တိန့်စတဲ့ ကျေးရွာနေပြည်သူတွေ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013