DVB Logo
Home
မြန်မာသတင်း
မွေးရာပါ ခြေလက်မပါသော်လည်း ဘဝကိုအရှုံးမပေးတဲ့ လားဟူမလေး 
DVB
·
August 20, 2025
မွေးရာပါ ခြေလက်မပါသော်လည်း ဘဝကိုအရှုံးမပေးတဲ့ လားဟူမလေး 
Donate to DVB

လောကမှာ လူရယ်လို့ဖြစ်လာရင် ပြဿနာအခက်အခဲတွေကို အနည်းနဲ့အများ ကိုယ်စီကိုယ်င ကြုံတွေ့ရတာ ဓမ္မတာဖြစ်ပေမဲ့ အဲဒီလို အခက်အခဲကြုံလာရင် တချို့က ရင်ဆိုင် ကျော်လွှားဖို့ မကြိုးစားဘဲ ကံကိုသာ ပုံချကာ ဘဝကို အလွယ်တကူ အရှုံးပေးတတ်ကြပါတယ်။ 

ရှမ်းရိုးမတောင်တန်းတနေရာက လားဟူတိုင်းရင်းသူလေး မိုင်လေး ခေါ်  မစောရင် ကတော့ မွေးရာပါ ခြေလက်အင်္ဂါ မစုံလင်ပေမဲ့လည်း ဘဝကို အရှုံးမပေးဘဲ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကို အတတ်နိုင်ဆုံး ကိုယ့်အားကိုယ်ကိုးပြီး တခြားမိန်းမပျိုလေးတွေလို ပျော်ရွှင် လွတ်လပ်စွာ ဘဝကို ရင်ဆိုင်ဖြတ်သန်းနေပါတယ်။ 

သူဟာ တံတောင်ဆစ်ထိသာ ပါတဲ့ လက်နှစ်ဖက်နဲ့ မိမိဘာသာ တကိုယ်ရေသန့်ရှင်းရေး လုပ်ပြီး နာနတ်သီး၊ သခွားသီး၊ နဂါးမောက်သီးတွေကို သပ်ရပ်စွာ အခွံခွာ လှီးဖြတ် စားသောက်ပြနေပုံတွေ၊ ရယ်ဒီမိတ် ခေါက်ဆွဲထုပ်ကို ဖောက်၊ အဆာပလာတွေ ဖောက်ထည့်ပြီး တူနဲ့ညှပ် စားသောက်နေပုံ၊ ငါးဟင်းကို အရိုးနွှင်ပြပြီး “စားကြပါဦး” ဆိုပြီး ဖိတ်ခေါ်နေတဲ့ ဗွီဒီယိုပုံတွေ၊ သီချင်းဆိုနေပုံတွေ၊ မြူးကြွတဲ့ သီချင်းသံနောက်ခံထားပြီး ခန္ဓာကိုယ်ကို ရွေ့လျားပျော်ရွှင်နေတဲ့ ဗွီဒီယိုဖိုင်တွေကို သူ့ရဲ့ Mile Lay ဆိုတဲ့ လူမှုကွန်ရက်မှာ မြင်တွေ့ရပါတယ်။

မိုင်လေးဟာ ကျိုင်းတုံမြို့ ဝမ်မိုင်ရပ်ကွက်က ဖြစ်ပြီး အသက် ၂၈ နှစ်ရွယ်ရှိပြီ ဖြစ်ပါတယ်။ သူ့မိဘတွေက တောင်ယာလုပ်ငန်း လုပ်ကိုင်ပြီး သားသမီး ၉ ယောက်ရှိတဲ့အထဲ မိုင်လေးကတော့ သတ္တမမြောက်သမီး ဖြစ်ပါတယ်။

မောင်နှမတွေအားလုံး ခြေစုံလက်စုံရှိကြပေမဲ့ မိုင်လေး တယောက်တည်းသာ မွေးရာပါ ခြေ လက်တွေ ပါမလာခဲ့ပါဘူး။ ဒီလို မွေးဖွားလာတဲ့အတွက် မိဘနှစ်ပါးကို ဘယ်တော့မှ အပြစ်မမြင်ခဲ့ဘဲ မိဘနဲ့ ညီအစ်ကိုမောင်နှမတွေကဆီနေ ချစ်ခြင်းမေတ္တာအပြည့်အဝရခဲ့တယ်လို့   မိုင်လေးက DVB ကို ပြောပါတယ်။ 

“ဒီလိုဖြစ်လာတာ အဖေနဲ့ အမေကို အပြစ်မတင်ဘူး။ အဖေနဲ့ အမေကလည်း မိုင်လေးကို ချစ်တယ်။ မောင်နှမ ၉ ယောက်ထဲမှာ မိုင်လေးကို အချစ်ဆုံးပဲ။ မောင်နှမတွေလည်း မိုင်‌လေးကို ချစ်တယ်။ တယောက်မှ မိုင်လေးကို မဆဲဘူး၊ မဆူဘူး။”

မိုင်လေးဟာ ကျောင်းမနေရပေမဲ့ အစ်ကို အစ်မတွေ စာကျက်တာ၊ စာလုပ်တာတွေ အမြဲလိုက်ကြည့်တယ်၊  ရေနံချောင်းက ဆရာမတယောက်က အိမ်မှာ စာလာသင်ပေးတယ်၊ ၅ လ အကြာမှာ၊ မြန်မာစာကို ကောင်းကောင်း ဖတ်တတ်၊ ရေးတတ်သွားတယ်၊ ရုပ်ရှင်ကြည့်ရတာ ကြိုက်တယ်၊ ကိုးရီးယားဇာတ်လမ်းတွဲတွေ အကြိုက်ဆုံးပဲလို့ ဆိုပါတယ်။ 

သနပ်ခါးရေကျဲ အမြဲလိမ်းပြီး ချောမောလှပတဲ့သူ့ကို အွန်လိုင်းကနေ ရည်းစားစကား လာပြောသူတွေ ရှိတယ်၊  ရည်းစားက ဖေ့စ်ဘွတ်ခ်မှာတော့ အများကြီးပဲ၊ အပြင်မှာတော့ တယောက်မှ မရှိဘူးလို့ ရယ်မောရင်း ပြောပါတယ်။

ဘဝကြင်ဖော်ကတော့ သူ့ကို အမှန်တကယ် နားလည်ပေးမယ့်သူသာ လိုချင်တယ်လို့ ရင်ဖွင့်ပါတယ်။

သူဟာ ခုလောလောဆယ် အမျိုးသမီးအင်္ကျီပုံစံထုတ်ပြီး အထည်ရောင်းဖို့ စီစဉ်နေတယ်၊  ဖြစ်ချင်တာ ဖြစ်စတမ်းဆိုရင် ဝါသနာက စက်ချုပ်လုပ်ငန်း၊ အလှပြင်လုပ်ငန်းဖြစ်ပြီး မိမိကိုယ်ပိုင်ဝင်ငွေနဲ့ မိဘတွေကို ချမ်းချမ်းသာသာ နေရအောင် ထောက်ပံ့ချင်တယ်လို့ ပြောပါတယ်။

ဘဝပေးအရ ဒီလိုဖြစ်လာပေမယ့် ဘယ်တော့မှ အားငယ်တာ၊ စိတ်ဓာတ်ကျတာမရှိဘူး။ လောကမှာ ကိုယ့်ထက်ဆိုးတဲ့သူတွေ အများကြီးပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမြဲအားပေးတယ်။ တခြားသူတွေလည်း စိတ်ဓာတ်မကျဘဲ ကြိုးစားဖို့  မိုင်လေးက တိုက်တွန်းပါတယ်။ 

“အသက်ရှင်နေတဲ့အခါ လုပ်စရာရှိတာ လုပ်ရမယ်။ စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူး။ မိုင်လေးထက် ဆိုးတဲ့လူတွေ အများကြီးရှိသေးတယ်လို့ပဲ တွေးပါတယ်။ လူဖြစ်တာ ခေတ္တခဏပဲ အရှုံးမပေးစေချင်ဘူး။  ရဲရဲဝံ့ဝံ့နဲ့ပဲ ကြိုးစားပါလို့ ပြောချင်တယ်။” 

ဒါ့အပြင် သူ့ရဲ့ လူမှုကွန်ရက်မှာလည်း  “သနားစရာက မိုင် မဟုတ်ဘူး။ မိုင် ဆိုတာ မွေးလာတာ မသန်စွမ်းတယောက်အဖြစ် မွေးလာတာတောင် ဘဝကို အကောင်းဆုံးကြိုးစားပြီး အကောင်းဆုံး ပျော်ပျော်လေး နေထိုင်ရှင်သန်တယ်။ ဘယ်သူ့ကိုမှ မနာလိုခြင်းမရှိ၊ ကဲ့ရဲ့ခြင်းမရှိ၊ အားကျခြင်းမရှိ မိုင်ဘဝကိုပဲ မိုင်နေတယ်။ အတန်းပညာတော့မရှိ၊ သနားကိုယ်ချင်းစာတတ်တယ်၊ ကြင်နာတတ်တယ်၊ အားပေးတတ်တယ်၊ ပိုက်ဆံငွေကြေးနဲ့ မကူညီပေးနိုင်တဲ့သူတယောက် ဖြစ်နေ‌လို့လည် တဦးတယောက် မိုင်ကြောင့် မျက်ရည်ကျ၊ ငို၊ အားငယ်စေမယ့် သူတယောက်တော့ မဖြစ်စေရပါ။ အားပေးခွန်အားပေး အားရှိစေတဲ့သူတယောက်ပဲ ဖြစ်စေရမယ်။ လူအားလုံးရဲ့ ချစ်ခင်မှုလည်း မမျှော်လင့်သလို လူအားလုံးလည်း မိုင်ကို မချစ်ခင်နိုင်တာကိုလည်း လက်ခံပြီးသာ ချစ်ချစ် မုန်းမုန်း မိုင်ဟာ မိုင်ပဲ၊ ဘယ်အရာမှာ တည်မြဲခြင်း ဆိုတာ မရှိ အားလုံးဟာ ခေတ္တခဏပဲ” လို့ ရေးသားထားပါတယ်။

မိုင်လေးတယောက် သူ ယုံကြည်ထားတဲ့တိုင်း လက်ရှိဘဝကို စိတ်မပျက်ဘဲ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင် ရှင်သန်၊ လွတ်လပ်စွာ ဘဝကို ဆက်လက် ရင်ဆိုင်ဖြတ်သန်းလို့နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013