DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲပြင်းထန်နေသည့် ကျောက်မဲမြို့ကို စစ်တပ်က တပ်မ ၁၁ နှင့် သင်တန်းဆင်း တပ်သားသစ်များ ပို့နေ
DVB
·
August 20, 2025
တိုက်ပွဲပြင်းထန်နေသည့် ကျောက်မဲမြို့ကို စစ်တပ်က တပ်မ ၁၁ နှင့် သင်တန်းဆင်း တပ်သားသစ်များ ပို့နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် ကျောက်မဲမြို့ဘက်ကို ဦးတည်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် နောင်ပိန်ရွာအနီးတဝိုက်မှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၉ ရက် မနေ့ကစပြီး စစ်တပ်သား အင်အား ၂,၀၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ နောင်ပိန်ရွာအနီးက ထန်းတပင်ရွာအထိ စစ်ကြောင်းထိုး ဝင်ရောက် နေရာယူထားတာ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း နောင်ပိန်ရွာဘက် ထပ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

“မနေ့ကတည်းက ဂုတ်ထိပ်ချောင်းကို ဖြတ်ပြီး စစ်ကြောင်းထိုးလာတာ ထန်းတပင်နားမှာ နှစ်ဖက် တိုက်ပွဲဖြစ်သေးတယ်။ အခုက ထန်းတပင်ရွာထဲမှာ စစ်ကောင်စီတပ်က နေရာယူပြီး နောင်ပိန်ဘက်ကို စစ်ကြောင်းပြန်ထိုးလာလို့ ဒီနေ့လည်း တိုက်ပွဲ ပြင်းထန်နေတယ်။ ဂုတ်ထိပ်ကနေလည်း အတွဲလိုက်ဒုံးနဲ့ ဆက်တိုက်ပစ်တာရှိသလို လေကြောင်းနဲ့လည်း ဗုံးတွေ လာကြဲတာတွေ ရှိတယ်။”

လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ ပျက်စီးပြီး ဒေသခံတချို့ ထိခိုက်သေဆုံးတာတွေ ရှိပေမဲ့ အသေးစိတ် အချက်အလက်ကိုတော့ လတ်တလော မသိရသေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ထန်းတပင်၊ နောင်ပိန်ရွာ အပါအဝင် တိုက်ပွဲဖြစ်နေတဲ့ နေရာအနီးနားတဝိုက် ရွာတွေက ဒေသခံ အများစုဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို DVB က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီဟာ နောင်ချိုမြို့ကို ပြန်လည်သိမ်းယူခဲ့ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ ကျောက်မဲကို ပြန်လည်ရရှိဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးနေသလို တရုတ်အစိုးရရဲ့  အကူအညီနဲ့ သိမ်းထားတဲ့ မြို့တွေကို ပြန်ပေးဖို့ စစ်ကောင်စီက တောင်းဆိုနေပါတယ်။ 

စစ်ကောင်စီတပ်က ကျောက်မဲမြို့ကို ထပ်မံထိုးစစ်ဆင်ဖို့အတွက် သြဂုတ် ၁၈ ရက်က တပ်မ ၁၁ နဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို ပို့ဆောင်နေတယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကျောက်မဲမြို့ကို ထိုးစစ်ဆင်ဖို့ ရန်ကုန်အခြေစိုက် တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း ၂ ရင်း၊ မင်းကုန်း စခတ ၁ နဲ့ ဂျိုးဖြူအခြေစိုက်တကက ၁ မှ သင်တန်းဆင်း တပ်သားသစ်တွေကို သြဂုတ် ၁၇ ရက်နဲ့ ၁၈ ရက်မှာ ပို့ဆောင်ခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုတဲ့ စိတ်နဲ့သွားကြတာ များတယ်။ ဘာလို့လဲဆိုတော့ နောင်ချိုမြို့ သိမ်းတော့ တပ်မ ၁၁ က လူတွေ အတော်လေးချမ်းသာသွားတာ။ တွေ့သမျှပစ္စည်း ကြိုက်သလိုယူလို့ရနေတော့ နောက်လူတွေလည်း ယူမယ်ဆိုတဲ့ အတွေးနဲ့ လိုက်သွားတာ” လို့ ပြောပါတယ်။

တန်ပြန်ထိုးစစ်အတွက် ဦးဆောင်သူမှာ နောင်ချိုမြို့ ပြန်လည်သိမ်းယူရာမှာ ပါဝင်ခဲ့တဲ့ တပ်မ ၁၁ ဒုတပ်မှူး ဗိုလ်မှူးကြီးမိုးမြင့်ဟိန်းက ဦးဆောင်နေတာဖြစ်ပြီး ရမခတိုင်းနဲ့ ရပခတိုင်းက တပ်ရင်းတွေနဲ့ ဒရုန်းတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

နောင်ချိုမြို့ကို TNLA က ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက ၁ နှစ်နီးပါး ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၅ ဇူလိုင် ၁၆ ရက် ပြန်လည်ရယူခဲ့တာ ဖြစ်ပါတယ်။

တိုင်ရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ရှမ်း၊ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ ရခိုင် နဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးက မြို့နယ်ပေါင်း ၆၃ မြို့ကို စစ်ခေါင်းဆောင်က ဇူလိုင် ၃၁ ရက်က စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013