DVB Logo
Home
မြန်မာသတင်း
ဟောင်းနွမ်းငွေစက္ကူများကို သုံးစွဲရန် AA တိုက်တွန်းသော်လည်း ရခိုင်ဒေသခံများ လက်မခံ
DVB
·
August 20, 2025
ဟောင်းနွမ်းငွေစက္ကူများကို သုံးစွဲရန် AA တိုက်တွန်းသော်လည်း ရခိုင်ဒေသခံများ လက်မခံ
Donate to DVB

ရခိုင်ပြည်နယ်မှာ သာမန်ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေနဲ့ ငွေစက္ကူအကြွေတွေကို လက်ခံသုံးစွဲကြဖို့ အာရက္ခတပ်တော် (AA) ဘက်က ထပ်မံတိုက်တွန်း ပြောဆိုနေပေမဲ့ ဟောင်းနွမ်းနေတဲ့ ငွေစက္ကူနဲ့ အကြွေတွေကို လက်မခံကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ပထမအပတ်လောက်ကစပြီး ရခိုင်မြို့နယ်တိုင်းလိုလိုမှာ လုံးဝစုတ်ပြဲနေတဲ့ ငွေစက္ကူတွေကလွဲပြီး သာမန်ဟောင်းနွမ်းနေသော ငွေစက္ကူတွေကို လက်ခံအသုံးပြုကြဖို့ AA က သတိပေး ကြေညာချက်ထုတ်ပြန်ထားဖြစ်ပါတယ်။

အခုလို ထုတ်ပြန်ကြေညာချက်တွေ ထုတ်ပြန်ထားပေမဲ့ ရခိုင်မှာ ငွေစက္ကူရှားပါးမှုတွေကြောင့် ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေနဲ့ ငွေစက္ကူအကြွေတွေကို လက်ခံသုံးစွဲတာမရှိတဲ့အတွက် ဒေသခံတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “အခု ရခိုင်မှာက ပိုက်ဆံနည်းနည်းဟောင်းနွမ်းနေတာတွေ၊ အစုတ်အပြဲလေးနည်းနည်းပါတာတွေ၊ တိပ်ကပ်ထားတဲ့ ပိုက်ဆံတွေအကုန်လုံး ဘယ်ဆိုင်မှာမှ ဝယ်လို့ မရပါဘူး၊ နောက်တခုက လက်ရှိ ကုန်ဈေးနှုန်းတွေ မြင့်မားနေတော့ ကျပ် ၂၀၀ တန်က စပြီး ၁၀၀ တန်၊ ၅၀ တန်တို့ဆိုရင် အဟောင်းအနွမ်း မဟုတ်ရင်တောင်မှ ဘယ်ဆိုင်မှာမှ ဝယ်လို့မရပါဘူး၊ သုံးလို့မရတော့ဘူး ဆိုပြီး ပြန်ပြောတယ်။ ပြီးရင် ငွေ ၁ သိန်း ပေးမယ်ဆိုရင်တောင် ၁၀၀၀ တန်ချည်း သက်သက် ပေးလို့မရပါဘူး၊ လက်မခံပါဘူး။ ပိုဆိုးတာက ပိုက်ဆံတွေကို နည်းနည်းလေး ဟောင်းနွမ်းသွားရင်တောင် လက်မခံတဲ့အတွက် အဲဒီပိုက်ဆံတွေကို ကျနော်တို့က တဝက်ဈေးနှုန်းနဲ့ ကျပ် ၁၀,၀၀၀ ဆိုရင် ၅,၀၀၀ နှုန်းနဲ့ ပြန်လဲရတဲ့အနေအထားဆိုတော့ တော်တော်နစ်နာတယ်၊ တဝက်လောက် ဆုံးရှုံးသွားတာပေါ့နော်” လို့ ပြောပါတယ်။

AA ဘက်ကလည်း ခုလိုသတိပေးထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ ဟောင်းနွမ်းငွေစက္ကူတွေကို လက်ခံဖို့ငြင်းဆန်တာ ဒါမှမဟုတ် ငြင်းဆန်ဖို့ကြိုးစားရင် နီးစပ်ရာ မြို့နယ်အုပ်ချုပ်ရေးရုံး၊ တိုက်နယ် အုပ်ချုပ်ရေးရုံးတွေနဲ့ မြို့နယ်စည်ပင်သာယာရေးရုံးတွေမှာ လာရောက်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

၂၀၂၄ ခုနှစ်တုန်းကလည်း အာရက္ခတပ်တော် (AA) ဘက်က သာမာန် စုတ်ပြဲဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေကို လက်ခံသုံးစွဲရမှာဖြစ်ပြီး လက်မခံရင် အရေးယူသွားမယ်လို့ ပြောဆိုခဲ့ပေမဲ့ ထိရောက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေကို လက်ခံပေမဲ့ ပြန်အသုံးပြုလို့မရတဲ့အတွက် အခက်အခဲကြုံနေရတယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။

“ULA / AA ဘက်က အခုလို စည်းမျဉ်းစည်းကမ်းသတ်မှတ်လိုက်တာက ကောင်းပါတယ်။ ဒါပေမဲ့ တကယ့်မြေပြင်မှာ ထိထိရောက်ရောက်လုပ်ပေးဖို့လိုပါတယ်။ ကျနော်တို့ လက်ခံလိုက်ရတဲ့ ငွေစက္ကူ  အဟောင်းတွေကို ပြန်သုံးလို့မရဘူးဆိုရင် ကျနော်တို့လည်း နစ်နာပါတယ်။ ဒါကြောင့် ပြန်သုံးလို့ရအောင် ဖြေရှင်းပေးနိုင်တာတွေကိုပါ တခါတည်း ထည့်စဉ်းစားပေးရင်တော့ ရောင်းသူရော၊  ဝယ်သူပါ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားနိုင်ပါတယ်။”

တကျော့ပြန်တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း AA ထိန်းချုပ်ထားတဲ့ ရခိုင်ကမြို့နယ်တွေမှာ ဘဏ်စနစ် လည်ပတ်မှု ပျက်စီးသွားတဲ့အတွက် ငွေစက္ကူရှားပါးတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး တနေ့ထက်တနေ့ ပိုဆိုးရွားလာနေတာပါ။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013