DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီ အကျပ်အတည်းနှင့် စုံ၊ မ စနစ်ကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်း ထိခိုက်နေ
ဇွဲသစ်
·
June 11, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာနိုင်ငံမှာ စက်သုံးဆီသုံးစွဲမှု လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ မော်တော်ယာဉ်တွေကို စုံ၊ မ ရက်ခွဲကာ မောင်းနှင်ခွင့် ကန့်သတ်ထားတဲ့အပေါ် ခရီးသွားလုပ်ငန်း အပါအဝင် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်အာဏာရှင်က စက်သုံးဆီ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ၂၀၂၆ မတ်လအတွင်း စတင် ကျင့်သုံးခဲ့တဲ့ မော်တော်ယာဉ် စုံ/မ မောင်းနှင်ရတဲ့စနစ်ဟာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝနဲ့ ပြည်တွင်း ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းနောက်ပိုင်း ပြန်လည် နာလန်ထူဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး၊ လက်ရှိ စက်သုံးဆီ ဝယ်ရခက်တဲ့ အခြေအနေနဲ့ စုံမ စနစ် ကန့်သတ်ထားတဲ့ အခြေအနေတွေက  ပြည်တွင်းခရီးသွားဈေးကွက်ကို ရိုက်ခတ်စေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

အထူးသဖြင့် ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း စက်သုံးဆီ ပြဿနာကြောင့် ပြည်တွင်းခရီးစဉ်တွေ သိသိသာသာ ထိခိုက်ခဲ့တယ်လို့ ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ပြောမယ်ဆိုရင် သင်္ကြန်တို့၊ သီတင်းကျွတ်တို့၊ နှစ်သစ်ကူးတို့က ပြည်တွင်းခရီးသွား လုပ်ငန်းတွေရဲ့ အားကိုးအားထားရာ အချိန်တခုဖြစ်တယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကတော့ လောင်စာဆီ ပြဿနာကြောင့် ခရီးသွားလုပ်ငန်းက ရိုက်ချိုးခံလိုက်ရသလို ဖြစ်သွားတယ်။ အဲ့အချိန်မှာ တန့်သွားတဲ့ အနေအထား ရှိတယ်။ ပုံမှန်ထက်ကို လည်ပတ်လို့ ရလာတယ်။ သို့သော် တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ လောင်စာဆီ ပြဿနာကြောင့်တော့ သင်္ကြန်ပတ်ချာလည်နားမှာ ပြည်တွင်းခရီးစဉ်တွေ အနည်းငယ် တန့်သွားတာမျိုး ရှိတယ်။ သို့သောလည်း ဒီအချိန်ထိ တောင့်ခံတဲ့ လုပ်ငန်းတွေကတော့ အဆင်ပြေအောင်တော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဧည့်သည်တွေဘက်ကလည်း နားလည်မှုလေးနဲ့ ရပ်တည်လာတာတော့ ရှိပါတယ်။” 

လက်ရှိမှာ ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာ မော်တော်ယာဉ်တွေကို နံပါတ်ပြားအလိုက် စုံ/မ ရက်ခွဲပြီး သွားလာခွင့်ပြုထားတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ အပိုကုန်ကျစရိတ်နဲ့ အချိန် နှောင့်နှေးမှုတွေ ရှိလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စုံ၊ မ စနစ်ကို ဆက်လက် ကျင့်သုံးနေတာဟာ ခရီးသွားလုပ်ငန်းအပါအဝင် ဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍဟာ တိုင်းပြည်ရဲ့ လုံခြုံရေးအခြေအနေ၊ နိုင်ငံတကာခရီးသွား လျော့နည်းမှုနဲ့ စီးပွားရေးကျဆင်းတာတွေကြောင့် အားနည်းနေဆဲဖြစ်ပြီး ပြည်တွင်းခရီးသွား ဈေးကွက်ကို အဓိကအားထားနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိသူတယောက်က “လုံခြုံရေးအနေနဲ့ကတော့ ကျနော်တို့က သတိအမြဲထားပြီး ဆောင်ရွက်နေရတဲ့ အခြေအနေမျိုးပဲ ရှိပါသေးတယ်။ စိတ်ချလက်ချနဲ့ ခရီးသည်ကို ပို့ပေးနိုင်တဲ့ အခြေအနေတော့ မရှိဘူး။ ဒါပေမဲ့ ခရီးစဉ်တွေက ရောင်းချတာဖြစ်တဲ့အတွက် အမြဲတမ်း သတင်းအချက်အလက်တွေပေါ်မှာ မှီခိုပြီး သတင်းအချက်အလက်ယူပြီးပဲ သတိထားပြီး သွားနေရတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ ခရီးသွားရာသီက ပွင့်ပွင့်လင်းလင်းပြောရင် ကိန်းဂဏန်းအနေနဲ့ အားရစရာ မရှိသေးဘူး။ နောက်တခါ နယ်စပ်က ဝင်လာတဲ့ အရေအတွက်ပါ ယူထားတဲ့အတွက် တကယ်တမ်း ပြည်တွင်းကို ဝင်ရောက် လည်ပတ်တဲ့ ဧည့်သည်လို့ ပြောဖို့ ခက်တယ်။ ခရီးသွားလုပ်ငန်းပေါ်မှာ တကယ်တမ်း အကျိုးသက်ရောက်မှု ရှိတဲ့ ကမ္ဘာလှည့်ခရီးသည်တွေတော့ မဟုတ်သေးဘူး” လို့ ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ စက်သုံးဆီ ချွေတာရေးဟာ လိုအပ်တဲ့ လုပ်ငန်းစဉ်ဖြစ်ပေမဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေကို မထိခိုက်စေမဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်သင့်တယ်လို့ သုံးသပ်နေကြပါတယ်။

တဖက်မှာလည်း စက်သုံးဆီရောင်းချမှု အခြေအနေတွေ တည်ငြိမ်လာပြီလို့ စစ်တပ် အာဏာပိုင်တွေက ပြောဆိုနေကြပေမဲ့ စုံ/မ စနစ်ကို ပယ်ဖျက်ပေးဖို့ ပြည်သူတွေကြား တောင်းဆိုမှုတွေ ဆက်တိုက် ရှိနေပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013